ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ ပညာရေးနှင့် ဆက်စပ်သော အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၏ ပညာရေးနှင့် ယဥ်ကျေးမှုဌာန-KECD ထံသို့ အသိပေး လုပ်ဆောင်ရန် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ခရိုင်ပညာရေးဌာနက ထုတ်ပြန်ပြောဆိုသည်။
အဆိုပါ ခရိုင်အတွင်း ဝင်ရောက်လာသည့် ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်များနှင့် ဘာသာရေး အခြေပြုအဖွဲ့အစည်းများကို လုပ်ငန်း ဆောင်ရွက် ရာ၌ ပညာရေးနှင့် ယဥ်ကျေးမှုဌာနထံ အသိပေးကာ လက်တွဲလုပ်ဆောင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဒူးပလာယာ ခရိုင်အတွင်း မြို့နယ်၊ ခရိုင် တာဝန်ရှိသူများထံသို့ အသိပေးမှုမရှိဘဲ ပညာရေးဆိုင်ရာ ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ချိန်တွင် မညီမျှမှုများအပေါ် ဒေသခံများနှင့် အငြင်းပွားမှုများကို KECD က ဖြေရှင်းပေး ရမှုများ ဖြစ်ပေါ်နေသည်ဟု ခရိုင်ဌာနမှူး ပဒိုနော်ဖောသေ့ဒေးက ယခုလို ပြောသည်။
“ကျမတို့ မသိဘဲနဲ့ လာပြီးတော့ လုပ်ဆောင်တာ ရှိအခါကျတော့ ဒီပြည်သူလူထုတွေကပဲ ထိခိုက်နစ်နာမှုတွေ ရှိလာတယ်။ တစ်ရွာထဲမှာတောင် တချို့ကတော့ ရပြီး တချို့က မရဘူး။ သူ့အခန်းကဏ္ဍနဲ့သူ သက်ဆိုင်ရာ သူတို့ ပရော့ဂျက်(စီမံကိန်း) တွေအပေါ်မှာ ကူညီတာဆိုတော့ ပြဿနာတွေတက်ရင် ကျမတို့ပဲ ရင်ဆိုင်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
သို့သော် ယခုလို လာရောက်ကူညီထောက်ပံ့မှု လုပ်ဆောင်ပေးသည့် အဖွဲ့အစည်းများအပေါ် KECD အနေဖြင့် အကန့်အသတ်ဖြင့် ပိတ်ပင်တားဆီးမှုမျိုး မပြုလုပ်သလို ပြည်သူများအတွက် နည်းမှန်လမ်းမှန်ဖြင့် အချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးလုပ်ဆောင်ရန်ကိုသာ လိုလားသည်ဟု ပဒိုနော်ဖောသေ့ဒေးက ဖြည့်စွက်ပြောသည်။
ဒူးပလာခရိုင်အတွင်း KECD ပညာရေးဖြင့် ပညာသင်ကြားနေသည့် ကျောင်းနှင့် ကိုယ်ထူ ကိုယ်ထကျောင်းပေါင်း ၃၀၀ ကျော်ရှိနေပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၈,၀၀၀ ဦးကျော် ပညာသင်ယူနေသည်ဟု KECD က ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနကို ၁၉၄၇ ခုနှစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး စတင်ဖွဲ့စည်း ကတည်းက လက်အောက်ခံ ဌာန တစ်ခုဖြစ် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဌာနအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများကို အရည်အချင်းပြည့်မှီအောင် ပညာရေးဆိုင်ရာ မူဝါဒ ချမှတ်ထားသလို ကရင် ရိုးရာ ယဉ်ကျေးမှု ဓလေ့၊ အစဉ်အလာများကို ထိန်းသိမ်းရန် စသည့် ရည်ရွက်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။



















