Home သတင်း ကျိုက်ထိုတွင် စီးပွားဖြစ်သယ်လာသည့် အရက်၊ ဘီယာများကို KNU ဖမ်းဆီး

ကျိုက်ထိုတွင် စီးပွားဖြစ်သယ်လာသည့် အရက်၊ ဘီယာများကို KNU ဖမ်းဆီး

635
Photo: KNU

ဖေဖော်ဝါရီ ၁၀ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံခရိုင်)၊ ကျိုက်ထိုမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်ရောင်းရန် သယ်လာသည့် အရက်၊ ဘီယာများကို ကေအဲန်ယူ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ခရိုင်ဥက္ကဌ ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အရက်၊ ဘီယာများကို တပ်မဟာ-၅ နယ်မြေ မယ်ဝိုင်ဒေသဘက်သို့ စီးပွားဖြစ်ရောင်းချရန် ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်လာစဉ် ကရင်အမျိုုးသားရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်ဆေး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့က ထုတ်ပြန်ထားပြီးသား၊ အရက်ရောင်းချ သယ်ဆောင်ခွင့်မပြုတာကို သူတို့က ၆ ဘီးကားနဲ့ သယ်လာတာ၊ စစ်ဆေးတွေ့ရှိတော့ ဖမ်းပြီး ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ အဖွဲ့အစည်း နာမည်တပ်ပြီးတော့ သယ်ဆောင်လာတာ ဖြစ်တယ်။ သူတို့ကို ဒီတကြိမ်မှာ သူတို့သယ်လာတဲ့ အရက်ဘီယာတွေကို အကုန်သိမ်းပြီး သတိ ပေးလိုက်တယ်။ နောက်တစ်ကြိမ်ထပ်လုပ်ရင်တော့ ကားပါအကုန်သိမ်းမယ်၊ လူကိုလည်း အရေးယူသွားမယ်” ဟု ကေအဲန်ယူ-ဒူးသထူခရိုင်ဥက္ကဌ ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

ကျိုက်ထိုမြို့နယ် ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် ထုတ်ကုန်များ အပါအဝင် အရက်၊ ဘီယာများကို သယ်ဆောင် ရောင်းချခွင့်မပြုရန် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သော်လည်း ချွင်းချက်အဖြစ် ဒေသခံ ပြည်သူများ ရိုးရာဓလေ့အစဉ်အလာအရ အသုံးပြုရန်လိုအပ်ပါက အသုံးပြုခွင့်ပေးထားသည်ဟု သိရသည်။

Photo: KNU

“ရိုးရာ၊ ဓလေ့အတွက်တော့ ကျနော်တို့က ခွင့်ပြုထားပါတယ်။ ပြီးတော့ အထူးသဖြင့် မင်္ဂလာဆောင်၊ အလှူလုပ် တာတို့ အဲဒါတွေတော့ ခွင့်ပြုထားရှိတယ်။ အရမ်းကြီး ဆိုးဆိုးဝါးဝါး မဖြစ်ရင်အလှူအတွက် လုပ်ဖို့ ခွင့်ပြုချက် တောင်းရင် အဲဒါတော့နားလည်တယ်၊ ခွင့်ပြုပေးတာရှိတယ်”ဟု ပဒိုစောစိုးမြင့်က ဖြည့်စွက် ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေတွင် အရက်ဘီယာသယ်ယူရောင်းချခွင့်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့နယ် တစ်ခုထဲကိုသာ တင်းကြပ်ထားသည်။ အခြားမြို့နယ်တွင် သယ်ဆောင်ခွင့်ပေးသော်လည်း ကျိုက်ထိုမြို့နယ်ထဲကို ဖြတ်ကျော်သယ်လာသည်ကို စစ်ဆေးတွေ့ရှိပါက အလားတူ ဖမ်းဆီးမည်ဟု ခရိုင်တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ကျိုက်ထိုမြို့နယ်တွင် ဖမ်းဆီးရမိသည့် အရက်၊ ဘီယာများကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)က ဖမ်းဆီးဖျက်ဆီး သွားမည်ဖြစ်ကာ မြို့နယ်အတွင်းရှိ အရက်၊ ဘီယာနှင့် မူးယစ်ဆေးရောင်းချသည့် နေအိမ်များကို လည်း ကေအဲန်ယူ၊ ရဲတပ်ဖွဲ့က ကွင်းဆင်းစစ်ဆေး ဖမ်းဆီးသတိပေးခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။