Home သတင်း တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၅ ဦးကို မလေးဖမ်းဆီး

တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၅ ဦးကို မလေးဖမ်းဆီး

403
Photo: The Sun

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မလေးရှားနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ မြန်မာ ၁၅ ဦးကို နှစ်ရက်အတွင်း အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်ဟု The Sun သတင်းတွင် ဖော်ပြထားသည်။

မလေးစစ်တပ်က ပဒန်စဏီမှ ဆင်တုခ် ဒေသ လမ်းမကြီးတစ်လျှောက် ကင်းလှည့််နေစဉ်အတွင်း မြောင်းထဲ၌ ပုန်းအောင်နေသူ အသက် ၁၉ နှစ်မှ ၄၈ နှစ်ကြားရှိ မြန်မာ ၈ ဦးကို ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းမိစဉ် လက်ကိုင်ဖုန်း ၈ လုံးနှင့် မလေးရှာ ရင်းဂစ် စုစုပေါင်း ၅,၃၀၀ ကို သိမ်းဆည်းရမိသလို မလေးရှားသို့ အလုပ်အကိုင် ရှာဖွေရန် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသူများ ဖြစ်သည်ဟု အာဏာပိုင်တို့က ပြောသည်။

၎င်းအပြင် ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၂ နာရီ ခွဲချိန်တွင်လည်း ထိုင်း- မလေးရှား နယ်စပ်တစ်နေရာ၌ အသက် ၁၈ နှစ်မှ ၄၇ နှစ်ကြားအရွယ်ရှိ မြန်မာ ၇ ဦးကို ထပ်မံဖမ်းဆီးရမိပြီး လက်ကိုင်ဖုန်းနှင့် ငွေသား မလေးရင်းဂစ် ၄,၄၀၀ ကျော်သိမ်းဆည်း ရမိခဲ့သည်ဟု မလေးစစ်တပ်က ပြောသည်။ ထိုသို့ ဖမ်းဆီးရမိသူအားလုံးကို စစ်တပ်က ရဲတပ်ဖွဲ့သို့ အပ်နှံလိုက်ပြီး ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။

မလေးရှားနိုင်ငံ အာဏာပိုင်များအနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူမှောင်ခိုလုပ်ငန်းများကို လက်ခံမည်မဟုတ် သလို နယ်စပ်၌ လုံခြုံရေးတိုးမြှင့် ကင်းလှည့်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

Source: The Sun