ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရိုဟင်ဂျာများ အရေးကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူ အားလုံးနှင့် ဆွေးနွေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စဂျူလီ ဘိရှော့ (Ms Julie Bishop ) ဒါကာမြို့ရှိ ဘင်္လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးနှင့် တွေ့ပြီးနောက် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု The Financial Express သတင်းတွင် ဖော်ပြထားသည်။
ရိုဟင်ဂျာများ နေရပ်ပြန်ရေး ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် နေရာအများစုကို အုပ်ချုပ်နေသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်သည့် အာရက္ခတပ်တော်နှင့် ဆက်သွယ်မှု ရှိ၊ မရှိ မေးမြန်းမှုအပေါ် ၎င်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပြည်တွင်းအကျပ်အတည်းကို ဖြေရှင်းဖို့ စိတ်ဝင်စား သူတိုင်း နဲ့ စကားပြောနေပါတယ်။ ဒါကြောင့် ဒီအလွန်ရှုပ်ထွေးပြီး ရှည်ကြာနေတဲ့ အကျပ်အတည်းအတွက် ပြေလည်ရန် အဖြေကိုရှာဖို့ စိတ်ပါဝင်စားသူအားလုံးရဲ့ အသံအားလုံးကို ကြားနေရတဲ့သူတိုင်းနဲ့ စကားပြောနေပါတယ်” ဟု နိုင်ငံခြားရေး အကြံပေး တိုးဟိ ဟိုဆင်း (Touhid Hossain) နှင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံပြီးနောက် သတင်းထောက်များအား သူမက ပြောကြားခဲ့သည်။
ထို့အပြင် မစ္စဂျူလီက ၎င်း၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ သက်ဆိုင်သူ အားလုံးတို့နှင့် ပူးပေါင်း လုပ်ဆောင်ရန် ဖြစ်ပြီး မြန်မာနိုင်ငံမှ ဦးဆောင်သူ အားလုံးပါဝင်သည့် ရေရှည်တည်တံ့မည့် ဖြေရှင်းချက်ကို ရှာဖွေသွားမည် ဖြစ်သည်ဟု သူမကပြောခဲ့သည်။
“ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးမှာ ပါဝင်လာမှာ သေချာပါတယ် ။ ဒါပေမယ့် ဒါဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေရဲ့ ရှုထောင့်တစ်ခုပါပဲ။ ကျမက ဒီမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ကြားဖြတ်အစိုးရ အကြီးတန်း ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံနေပါတယ်” ဟု ၎င်းက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောခဲ့သည်။
ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စဂျူလီသည် ရိုဟင်ဂျာ နေရပ်ပြန်ရေးအပါအဝင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ကူညီပံ့ပိုးမှုနှင့် ပိုမိုလက်တွဲလုပ်ဆောင်ရန် ရည်ရွယ်ပြီး ယခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။
ကုလ ကိုယ်စားလှယ်အနေဖြင့် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီးရှိ ကော့ဘဇား ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ ကွင်းဆင်းသွားရောက်မည် ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မှ လာသောသတင်းများတွင် ဖော်ပြထားသည်။



















