Home သတင်း ထောင်အာဏာပိုင်များ ဝင်ရောက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ၅ ဦးထက်မနည်း ဒဏ်ရာရ ဟု PPNM ပြော

ထောင်အာဏာပိုင်များ ဝင်ရောက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ၅ ဦးထက်မနည်း ဒဏ်ရာရ ဟု PPNM ပြော

557
Photo: Social Media

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အကျဥ်းထောင်အတွင်းရှိ ‌ထောင်အာဏာပိုင်များက တခြားပြစ်မှုရှိ အကျဥ်းသားတချို့နှင့်အတူ နိုင်ငံရေးအကျဥ်းသားတချို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဝင်ရောက်ရိုက်နှက်မှုကြောင့် ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)က ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက်ပိုင်းအချိန်တွင် အကျဥ်းထောင် စားရိပ်သာ တာဝန်ခံက အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို လက်သီးဖြင့် ထိုးသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ နိုင်ငံရေးအကျဥ်းသား တစ်ရာကျော်က အရေးယူမှု ဆောင်ရွက်ပေးရန် ထောင်မှူးကို တောင်းဆိုခဲ့ရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အရေးယူ တောင်းဆိုမှု လုပ်ဆောင်နေစဥ်တွင် အကျဥ်းထောင် ဗဟိုကင်းမှ သေနတ် နှစ်ချက် ပစ်ဖောက်ခဲ့သလို အကျဉ်းထောင်အရာရှိတစ်ဦး၏ အမိန့်ပေးစေခိုင်းမှုကြောင့် တခြားပြစ်မှုနှင့် အကျဥ်း သား ၃ ဦးက နိုင်ငံရေးအကျဥ်းသားများကို ဝင်ရောက်ရိုက်နှက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရိုက်နှက်မှုကြောင့် နိင်ငံ‌ရေးအကျဥ်းသား (၅) ဦးမှာ ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များနှင့် ဓါးများ၏ ဒဏ်ကြောင့် ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက်ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ ခုတလော လက်နက်ကိုင်ဆောင်တာမျိုးကို မသိချင်ယောင်ဆောင်ထားပေးတာမျိုး လုပ်လာတာတွေ တွေ့ရတယ်။ မနေ့ကဆိုရင် ပေါ်ပေါ်ထင် ထင်ကိုမှ လက်နက်တွေကိုင်ဆောင်တာမျိုးကို တားဆီးပိတ်ပင်တာမျိုးမရှိတာက အကျဥ်းထောင်တွေမှာ ဆိုးရွားတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပြီးဆိုတာကို သက်သေပြနေသလိုပဲ။ ဒါတွေကဟာ အကျဥ်း ထောင်ထဲက နိုင်ကျဥ်းတွေ အသက်ရှင်သန်ပိုင်ခွင့်တွေကို ခြိမ်းခြောက်ခံနေရသလိုပါပဲ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထောင်အာဏာပိုင်များအနေဖြင့် လက်ရှိတွင် အကျဥ်းထောင်အတွင်း လူ့အခွင့်အရေး ချိုး ဖောက်မှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာသလို အကျဥ်းသားအချင်းချင်း ပြဿနာဖြစ်ပွားမှု အသွင်ဖန်တီးစေလိုမှုဖြင့် အကျဥ်းသားများကို လက်နက်အသုံးပြုခွင့်ပေးခြင်းများပြုလုပ်လာကြောင်း လည်း ကိုသိုက်ထွန်းဦးက ဖြည့်စွက် ပြောသည်။

ယခုလို နိုင်ငံရေး အကျဥ်းသားများအ‌ပေါ် မတရားဖိနှိပ်မှု လုပ်ဆောင်ခြင်းမပြုရန်နှင့် ၎င်းတို့ လုပ်ရပ်အတွက် ဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ဖြေရှင်းပေးရန် ‌တောင်းဆို ထားကြောင်းလည်း PPNM က ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း၌ နိုင်ငံတစ်ဝှမ်းတွင် ပြည်သူ ၂၈,၆၃၇ ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။