ဖေဖော်ဝါရီ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့ရောင်းချမှုရပ်တန့် လိုက်သည့်အပေါ် တုန့်ပြန်သည့် အနေဖြင့် ထိုင်းကုန်စည်များ မသုံးစွဲရေးနှင့် နယ်စပ်ဂိတ်ပိတ်ရန် မြဝတီမြို့ပေါ်၌ ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး ပူးပေါင်းပါဝင်သူ နည်းပါးသည်ဟု မြို့ခံများက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားရေးအမည်ခံ မဘသ အဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ စသည့် စစ်တပ် ထောင်ခံ အသိုင်းအဝိုင်းမိသားစုဝင် လူ ၃၀ ဦးခန့်က မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် -၁ နှင့် အမှတ်-၂ တံတား ထိပ်၌ ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထိုင်းကုန်စည်များ မသုံးစွဲရေး၊ နယ်စပ်ဂိတ်ပိတ်ရန် ဆန္ဒထုတ်ဖော်မည်ဟု ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်း တွင် အင်တာနက် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းထွက်ပေါ်လာပြီး မြို့ခံနှင့် လူအများပူးပေါင်း ပါဝင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။ လက်တွေ့ဆန္ဒထုတ်ဖော်ချိန်တွင် အမျိုးသားရေးအမည်ခံ အသိုင်းအဝိုင်းမှ လူ ၃၀ ဦးခန့်သာ ပါဝင်သည်ဟု ဆန္ဒပြပွဲသို့ အနီးကပ်တွေ့ရှိခဲ့သူ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။
“ဆန္ဒပြတာက စစ်တပ်တို့ BGF တို့နဲ့ ပတ်သက်တဲ့ မဘသ အဖွဲ့၊ YMBA အဖွဲ့ ပျူစောထီး အဖွဲ့၊ ပသစ (ပြည်သူစစ်အဖွဲ့) တွေက လူတွေပါ။ လူ ၃ ထောင် ဆန္ဒပြ မယ်ပေါ့။ ဘယ်သူမှ မလာဘူး၊ သူတို့ နောက်လိုက် မိသားစုဝင် တွေဘဲ လူ ၃၀ လောက်စုပြီး ဆန္ဒပြနေကြတာ” ဟု မြို့ခံ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ ဆန္ဒပြနေသူများသည် နံနက် ၁၀ နာရီကျော်ချိန်ခန့်တွင် မြဝတီမြို့တွင်း၌လည်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ ပြီး၊ “ထိုင်းကုန်စည်များ မသုံးစွဲရေး …. ဒို့အရေး” ၊ “ထိုင်း မြန်မာနယ်စပ်ဂိတ်များ ပိတ်သိမ်းရေး ….ဒို့အရေး” ဟု ကြွေးကြော်မှုများလည်း ရှိခဲ့သည်ဟု မြို့ခံသတင်းရင်းမြစ်များက ပြောသည်။
“သူတို့ အုပ်စုက ထိုင်းကုန်စည်များ ပိတ်သိမ်းရေးတဲ့ တံတား ၁ ထိပ်မှာ ဆန္ဒပြနေကြတယ်။ သူတို့ မြဝတီသား တွေ မဟုတ်ကြဘူး။ ပြည်တွင်းကနေ မြဝတီတက်လာတဲ့ သူတွေ၊ မြဝတီ-မဲဆောက်ဆိုတာ ထိုင်းပစ္စည်းဘဲ သုံးကြ စားကြ နေကြတဲ့မြို့လေ။ အလုပ်လည်း ဒီအတိုင်းဘဲ၊ထို င်းဘက်အလုပ်၊ မြန်မာဘက်အလုပ်က နှစ်ဘက်လုံး ပတ်သက်မှု ရှိတယ်၊ ဒါကို ပိတ်လို့ မှ မရတာ” ဟု မြဝတီမြို့ခံ တစ်ခြားတစ်ဦးက မှတ်ချက်ပြု ပြောသည်။
ထို့အပြင်မြို့ခံများအနေဖြင့် တရုတ်ငွေလိမ်လုပ်ငန်းများ ကိစ္စကိုသာ ဆန္ဒထုတ်ဖော်သင့်သည်ဟု ဝေဖန်နေသလို အခြေအနေပိုမိုရှုပ်ထွေးလာမည်ကို မလိုလားဘဲ လူမှုစီးပွားဘဝ ပိုမိုကြပ်တည်းလာမည်ကို စိုးရိမ်နေသည်ဟု မြို့ခံ များက ပြောသည်။