ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်- မြဝတီ အာရှလမ်းသစ် ပြန်ဖွင့်နိုင်ရေးနှင့် သင်္ဃန်းညီနောင်ဗျူဟာတို့ကို ပြန်တိုက်ရန် မော် လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်း အောင်သည် ကော့ကရိတ်မြို့နယ်အတွင်း ရုံးထိုင်ကွပ်ကဲနေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ရတခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်သည် ကော့ကရိတ်မြို့အခြေစိုက် အမှတ်-၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် ကျုံဒိုးရှိ ခြေမြန်တပ်ရင်း (ခမရ ၅၄၅) တို့တွင် အောင် ဇေယျ စစ်ဆင်ရေးကို ကွပ်ကဲရန် ရုံးထိုင်နေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ကေအိုင်စီသို့ ယခုလို ပြောသည်။
“ထိုင်းကုန်သည်တွေနဲ့ ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီကို အာရှလမ်း ကုန်ဆင်းနိုင်ဖို့ ဖိအား ပေးနေတာ ရှိတယ်၊ အဲ့တော့သူတို့ ပြန်သိမ်းနိုင်အာင်တိုက်မယ်ဆိုပြီး အခုမော်လမြိုင်(ရတခ) အ ရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို ဦးဆောင်ကွပ်ကဲဖို့၊ စကခ ၁၂ ဌာနချုပ်နဲ့ကျုံဒိုး ခမရ-၅၄၅ တပ်ရင်းမှာ လုံခြုံရေးတိုးမြှင့်တာတွေ လုပ်နေတယ်။ အဲ့ဒီကနေသူ ရှေ့တန်းကိုကွပ်ကဲမယ့်သဘောရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ဒေါနတောင်ကျော်အာရှလမ်းသစ်နှင့် လမ်းဟောင်းနေရာများကို စစ်ကောင်စီက ပြန်တိုက်သိမ်းယူရန် ဇန်နဝါရီ ၅ ရက်နေ့မှစ၍ လေကြောင်း လက်နက်ကြီး၊ ဒရုန်း၊ မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း စစ်ကောင်စီ နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်က ဆက်ပြောသည်။
၎င်းအပြင် အဆိုပါ အာရှလမ်းသစ် ပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီက တစ်လအတွင်း အပြီး တိုက်ခိုက်သွားမည်ဟု မြဝတီမြို့ကုန်သည်လောက၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသော်လည်း ဖြစ်နိုင်ခြေနည်းပါးသည်ဟု မြန်မာကုန်သည်တစ်ဦးက ယခုလို မှတ်ချက်ပြုပြောသည်။
“ သူတို့ အောင်ဇေယျစစ်ကြောင်းက တိုက်နေတာ ရှစ်လ၊ ကိုးလ ရှိနေပြီး။ လေယာဉ်နဲ့ ဒရုန်းတို့က ဗုံးကြဲပြီးတက်တက်၊ လက်နက်ကြီးပဲလက်ကုန်ပစ်ပစ်၊ မြေပြင်စစ်ကြောင်းက ညီနောင်နဲ့ ကုန်သွယ် ရေးဇုန်ရောက်မှ လမ်းကိုရမှာ။ အခုကတောနော်နားမှာတင် တက်မရသလို၊ လမ်းဟောင်း အောက်ဘို တဲဘက်ကနေလည်းတက် မရဘူး ဖြစ်နေတာဆိုတော့ မလွယ်လောက်ဘူး၊ ရဖို့။ အခုကုန်သည်တွေကို KNU က လမ်းဟောင်းနဲ့ ထို့ကော်ကိုးတို့က ပေးဆင်းနေလို့ကုန်မပြတ်တာ” ဟု မြဝတီမြို့ရှိ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီဘက်က အာရှလမ်းမသစ် ပြန်လည် စိုးမိုးနိုင်ရေး တိုက်ခိုက်နေသော်လည်း မြေပြင်၌ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များထံသို့ စစ်ကောက်စီတပ်ဖွဲ့ဝင်များ လက်နက်အပ်နှံခိုလှုံမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ဗုံးကြဲမှုများနေ့စဉ် ဆက်ရှိ သည်ဟုလည်း မြေပြင်ရှိ တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
အဆိုပါ အာရှလမ်းသစ်နှင့် လမ်းဟောင်းနေရာများကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်နှစ်ဝန်း ကျင်ကြာချိန်ထိ ထိန်းချုပ်ထားသလို စစ်ကောင်စီ သင်္ဃန်းညီနောင် ဗျူဟာကိုလည်း ပြီးခဲ့သည့်၂၀၂၄ ခုနှစ်၊ ဧပြီလကတည်းက တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။



















