Home သတင်း တနင်္သာရီတွင် တစ်လအတွင်း အိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတွင် တစ်လအတွင်း အိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံရ

483
Photo- Palaw KPDF ( ပုံဟောင်း)

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အများပြည်သူနေအိမ် အလုံး ၂၅၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Fe5 Tanintharyi ၏ ယနေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကျေးရွာများ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းများကြောင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ နေအိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရမှု အများဆုံးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု Fe5 Tanintharyi က ပြောဆိုထားသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်၊ နှစ်အလယ်ပိုင်းမှစတင်၍ တော်လှန်ရေးတပ်ဖွဲ့အင်အားစုများ အားကောင်းသည့်နေရာများသို့ နယ်မြေစိုးမိုးမှုပြန်လည်ရရှိနိုင်ရေး အတွက် ဖိအားပေးစစ်ကြောင်းထိုးဝင်ရောက်မှုများကို ပိုမိုလုပ်ဆောင်လာသည်ဟု Fe5 Tanintharyi အဖွဲ့က ပြောသည်။

ထိုအခြေအနေကြောင့် ဒေသခံများအနေဖြင့် ဘေးလွှတ်ရာ နေရာ များသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေသည်ဟု Fe5 Tanintharyi အဖွဲ့၏ အယ်ဒီတာကိုကျော်က ပြောဆိုသည်။

၎င်းက “စစ်ဘေးရှောင်တွေအနေနဲ့က ဘာဖြစ်လဲဆိုတော့ တောင်တွေ ဥယျာဉ်ခြံတွေထဲမှာ အဆင်ပြေ သလို နေကြရတာ ဖြစ်တယ်။ သူတို့မှာ စားနပ်ရိက္ခာပြတ်လပ်သွားတာ အနွေးထည်တို့ ဆေးဝါးတို့ အမိုးအကာတို့ လိုအပ်တာတွေရှိတယ်။ အဲ့လိုအကူညီလိုအပ်တဲ့အချိန်မှာ သူတို့အနေနဲ့အကူအညီရရှိဖို့ ခက်ခဲနေတာတွေကို ကြုံတွေ့နေရတာတွေကို ကျနော်တို့တွေ့ရပါတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင်လည်း တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲစုစုပေါင်း ၃၆ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီက လေကြောင်းအပြင်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁၆၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း Fe5 Tanintharyi အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဒီဇင်ဘာလတစ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားသစ်များလည်း ပါဝင်လာပြီး သေဆုံးသူ ၁၀၈ ဦးထက်မနည်းရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Fe5 Tanintharyi ၏ အစီရင်ခံစာအရ သိရသည်။