ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံသို့ ပြန်ပေးဆွဲခံရသည့် ထိုင်ဝမ် မီးအကသမားတစ်ဦးသည် ပြန်လည်လွတ်မြောက်လာပြီး ဇန်နဝါရီ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံမှတဆင့် ထိုင်ဝမ်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့သည်ဟု တိုင်ပေတိုင်းသတင်း၌ ဖော်ပြထားသည်။
ယခုလို ကျားဖြန့် လုပ်ငန်းတစ်ခု၌ ပြန်ပေးဆွဲခံရသူ အသက် ၂၇ နှစ်အရွယ် ရှီးယုဖန်းသည် ဖေ့ဘုတ်ခ်လူမှုကွန်ရက်တွင် အလုပ်အတွက်ဖိတ်ကြားခံရသည့်အတွက် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ပျောက်ဆုံး သွားခဲ့သည်ဟု ထို့ယွမ်ရဲဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းကို မြန်မာနိုင်ငံရှိ ကျားဖြန့်အသိုက်အမြုံတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း သိရပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာလာတဲ့နေ့မှ စ၍ သူ့မိသားစုထံသို့ နောက်ဆုံးဆက်သွယ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
သူ၏ ဖုန်းမှတ်တမ်းအချက်အလက်များအပေါ် အခြေခံကာ နောက်ဆုံးရှိနေသည့် နေရာသည် မြန်မာနိုင်ငံတွင် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ယခုလို ရှီးနှင့် အဆက်အသွယ်ပြတ်ပျောက်ဆုံးသွားမှုအပေါ် မိသားစုဝင်များက မြန်မာနိုင်ငံရှိ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးသို့ လူပျောက်တိုင်ကြားခဲ့သည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလဆန်းပိုင်းတွင် ပြောခဲ့သည်။
ရှီးကို ပြန်ပေးဆွဲထားသူများက သူ့အားပြန်လွှတ်ပေးရန် မိသားစုထံသို့ ဒေါ်လာသောင်းနှင့်ချီ တောင်းခံခိုင်းခဲ့သလို အခြား ဖုန်းဖြင့်ဆက်သွယ် လိမ်လည်မှုများ ကျူးလွန်ရန် အတင်းအကြပ်ဖိအားပေး စေခိုင်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
၎င်းပြန်လွတ်မြောက်ရန် ထိုင်းနိုင်ငံရှိ ထိုင်ဝမ် ကိုယ်စားလှယ်ရုံး တာဝန်ရှိသူများ၊ ထိုင်ဝမ် နိုင်ငံတကာ လိမ်လည်မှုတိုက်ဖျက် ရေးအဖွဲ့နှင့် ထိုင်းအာဏာပိုင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဘန်ကောက်မြို့မှ ထိုင်ဝမ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိသွားပြီး ဖြစ်ကြောင်း သိရသည်။



















