ဇန်နဝါရီ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ(၄)ရက်နေ့က လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသူ အကျဥ်းသား၊ အကျဥ်းသူပေါင်း (၅,၈၆၄)ဦးအနက် နိုင်ငံရေးအမှုဖြင့် စစ်ကောင်စီ၏ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဥ်းသူ၊ အကျဥ်းသား ၂၀၀ ကျော်သာပါ ဝင်ကြောင်း အကျဥ်းသားအရေးဆောင်ရွက်သူများထံမှ သိရသည်။
ကရင်ပြည်နယ် ဖားအံမြို့ရှိ တောင်ကလေးအကျဥ်းထောင်အပါအဝင် မြန်မာနိုင်ငံအနှံ့မှ အကျဥ်းထောင်ပေါင်း ၂၁ ခုတွင် နိုင်ငံရေးအကျဥ်းသူ (၉၄) ဦး၊ အကျဥ်းသား (၁၁၇)ဦး စုစုပေါင်း (၂၁၁)ဦးမှာ စစ်ကောင်စီအစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM ၏ စာရင်းများတွင် ဖော်ပြထားသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်အရ ၎င်းတို့လွတ်ငြိမ်းခွင့်ပေးခဲ့သည့် လူဦးရေ ၆,၀၀၀ နီးပါးအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအကျဥ်းကျခံနေရသူ နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ၆၀၀ ကျော်ပါဝင်နေသည်ဟု ပြောဆိုထားသည်။
“သေချာတာတော့ ၅၀၅ နဲ့ဒီလောက်လွတ်တယ်ဆိုပြီး နိုင်ငံရေးအရအမြတ်ယူတာပါပဲ။ လက်ရှိမှာတော့ ဒီလောက်ရှိမနေပါဘူး၊ မြေပြင်နဲ့ကွာဟနေတဲ့ကိစ္စပါ။ အရေအတွက်အားဖြင့်လည်း ၃၀၀ တောင်မပြည့်သေးပါဘူး။ စစ်ကောင်စီရဲ့ပြောဆိုမှုတိုင်းက အမြဲတမ်းလွဲမှားနေတာ ဒီတော့ကျနော်တို့ယုံကြည်ဖို့ခက်တယ်” ဟု PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးထားသည့် အကျဥ်းသူ၊ အကျဥ်းသားများအပြင် ထောင်တွင်း တစ်သက်တစ်ကျွန်းကျခံနေရသူ (၁၄၄)ဦးအား ထောင်ဒဏ် ၁၅ နှစ်နှင့် နိုင်ငံခြားသား အကျဥ်းသူ၊ အကျဥ်းသား (၁၈၀)ဦးအား ပြည်နှင်ဒဏ်တို့ဖြင့် အသီးသီး သတ်မှတ်လိုက်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
လွတ်လပ်ရေးနေ့မတိုင်ခင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာမည့်သူများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အုပ်ချုပ်သူအကြီးအကဲအချို့ ပြန်လည် လွတ်မြောက်လာနိုင်သည့် ကောလာဟလများပေါ်ထွက်ခဲ့သော်လည်း ပြစ်ဒဏ်လျှော့ပေါ့ခွင့်ကိုသာ စစ်ကောင်စီကချမှတ်ခဲ့သည်ဟု ထောင်တွင်းနီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်ရေးနေ့တိုင်း ယခုလိုလွတ်ငြိမ်းချမ်းသာခွင့်များ ပေးနေခြင်းသည် နိုင်ငံရေးအရဖိအားရှိသကဲ့သို့ ၎င်းတို့အပေါ် နိုင်ငံတကာထောက်ခံမှုကိုရရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
သို့သော် အကျဥ်းကျခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လာခြင်း မရှိသည့်အတွက် စစ်ကောင်စီမျှော်လင့်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မလာနိုင်သေးကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ဘက်ကလည်း သုံးသပ်ပြောဆိုထားသည်။
ထို့အတူ AAPP ၏ မှတ်တမ်းများအရ ဇန်နဝါရီ(၃)ရက်နေ့ အာဏာသိမ်းမှုဖြစ်စဥ်နှင့်စပ်လျဥ်း၍ စစ်ကောင်စီ၏ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀,၀၀၀)နီးပါးရှိလာပြီး ၎င်းတို့အနက် (၁၀,၀၀၀)နီးပါး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။



















