ဇန်နဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံစသည့် မြို့နယ်များတွင် ယခုတလော ဒေသခံများလမ်းသွားလာရင်းဖြင့် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်းများ အဖြစ်များလာနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယခု ပွင့်လင်းရာသီအရောက်တွင် ထိုမြို့နယ်များရှိ ကျေးရွာတိုင်းလိုလိုတွင် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ် ပျောက်ဆုံးခြင်းများ အများအပြားဖြစ်ပွားနေပြီး ပစ္စည်းလုယက်သူများနှင့် ဆိုင်ကယ်ခိုးယူ သူများသည် တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်လှုပ်ရှားနေကြသည်ဟု ဖားအံမြို့ပေါ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ရွာတွေမှာ အခိုးခံရတာများနေပြီး၊ တချို့ကျေးနယ်ဆိုရင် အစီးနှစ်ဆယ်လောက်ရှိနေပြီး၊ သူတို့က အဖွဲ့လိုက် စုပြီး ခိုးတာ၊ မော်ဒယ်အမြင့်တွေပဲ ခိုးတယ်။ သူတို့ ကိုင်တဲ့ သူခိုးသော့က 125 ဆိုင်ကယ်တွေ ဆိုရင် နှစ်ခါလောက်လှည့်လိုက်တာနဲ့ သော့ကြွေပြီး ပျက်တာ နေ့ခင်းဘက်တွေ အခိုးခံရ တာများတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ လုယက်ခံရသော ပစ္စည်းများနှင့် အခိုးခံရသည့် ဆိုင်ကယ်အများစုမှာ ပြန်လည်မရရှိတော့သလို လုယက်ခိုးယူသူများကိုလည်း ဖမ်းဆီးပေးမည့်အဖွဲ့အစည်းနှင့် ဒေသအတွင်း ဥပဒေစိုးမိုးနိုင်ခြင်းမရှိသည့်အတွက် ခိုးယူမှုများ ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။
၎င်းဒေသတွင် ပြီးခဲ့သည့်နှစ်အောက်တိုဘာလမှစ၍ အာဝါဒေး၊ လောင်းကစားဝိုင်းများကို အများအပြား ဖွင့်လှစ်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲမှုလည်း ပိုမိုများပြားလာသည့်အတွက် ယခုကဲ့သို့ လုယက်မှုနှင့် ခိုးယူမှုများပိုမိုများလာခြင်းဖြစ်သည်ဟု ပိုင်ကျုံဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “အခုက မိန်းကလေး တစ်ယောက်ထဲသွားရင် မလုံခြုံသလို ဖြစ်တယ်။ ရွှေတွေဘာတွေ ဝတ်သွားလို့ အလုခံရတာရှိတယ်၊ အာဝါဒေးဝိုင်းတွေများလာတော့ ညဘက်တွေမှာ သတိထားရတယ်။ အစက ပျောက်တာတို့ အခိုးခံရတာတို့က မကြားဖူးဘူး။ အခုက လောင်းကစားတွေ မူးယစ်ဆေးဝါးတွေကြောင့် အတော်ပျက်စီးနေတယ်” ဟု ပြောသည်။
လုယက်သူများနှင့် ဆိုင်ကယ်ခိုးယူသူအချို့တွင် သံအချွန်၊ ဓားအသေးစားများအပြင် ပစ္စတိုသေနတ်များ အထိ ပါလာသဖြင့် အော်ဟစ်အကူအညီတောင်းခံလိုသော်လည်း မိမိလုံခြုံရေးကြောင့် နှုတ် ဆိတ်နေရသည့် အခြေအနေရှိခဲ့သည်ဟု လုယက်ခံခဲ့ရသူများ၏ ဆွေမျိုးများက ပြောသည်။
ဖားအံခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများကို ထိရောက်စွာ အရေးယူမည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ -PC နှင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF စသည့် ကရင် လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ကရင့်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီ က ထုတ်ပြန်ထားသော်လည်း ထိရောက်စွာအရေးယူတားဆီးပိတ်ပင်နိုင်ခြင်းမျိုးမရှိသေးကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။



















