ဇန်နဝါရီ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အနီးတဝိုက်သို့ တရားဝင်အထောက်အထူးမရှိဘဲ သွားမည့် မြန်မာ ၁၀ ဦးကို တင်ဆောင်လာ သည့် ယာဉ်တစ်စီးကို အမှတ် ၃၂ အဝေးပြေးလမ်းမကြီး ၊အာရှလမ်း၊ သထိုခရိုင်ခွဲ၊ မဟာရတ်ခရိုင်၊ အယုဒ္ဓယပြည်နယ်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းအခြေစိုက် The Thaigar သတင်းဌာန၊ သတင်းတွင် ဖော်ပြထားသည်။
ယခုလို ဖမ်းဆီးရရှိခဲ့ခြင်းသည် တရားမဝင် လူခိုးသွင်းသည့် မှောင်ခိုလုပ်ငန်း လုပ်ဆောင်နေမှုအပေါ် သတင်းအချက်အလက် များရရှိပြီးနောက် သယ်ဆောင်လာသည့် ယာဉ်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းခြေရာခံ ရှာဖွေကာ ဇန်နဝါရီ ၂၁ ရက်နေ့၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။
ထိုသို့ တရားမဝင် လူမှောင်ခိုပို့မှုဖြင့် ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသား အသက် ၃၉ နှစ်အရွယ်ရှိ ဇော်ဇော်လင်းနှင့် အသက် ၃၂ နှစ်အရွယ်ရှိ နန်းစိန်မတို့ကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ခေါ်ဆောင်ခြင်းနှင့် ပုန်းအောင်းရန် ကူညီပေးခြင်းတို့ ဖြင့် ရဲစခန်း၌ ဖမ်းဆီးကာ တရားစွဲသွားမည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ တောလမ်းများမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမာများကို တစ်ဦးလျင် ဘတ် ၅,၀၀၀ မှ ၁၅,၀၀၀ ရယူကာ ပို့ဆောင်ခြင်းဖြစ်သည်ဟု ဝန်ခံထား ကြောင်း ထိုင်းအာဏာပိုင်းများက ပြောသည်။




















