Home သတင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦးထိခိုက် ၄ ဦးဒဏ်ရာပြင်း

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦးထိခိုက် ၄ ဦးဒဏ်ရာပြင်း

527
Photo: CJ

ဇန်နဝါရီ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ ပဝကုန်းကျေးရွာသို့ စစ်ကောင်စီက နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီ ၂၃ ရက်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဒေသခံ ရွာသား ၇ ဦးထိခိုက်ပြီး ၎င်းတို့ထဲမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း-၂ မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မျိုးကြီးက ပြောသည်။

အဆိုပါ ကျေးရွာသို့ အများပြည်သူ အိပ်စက်အနားယူ ချိန် ည ၁၁ နာရီကျော်ချိန်တွင် အရှေ့မော်တုန်းရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ်(အမတ-၃၀၆)တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် သည့်အတွက် ယခုလို ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။

“စုစုပေါင်း(၇)ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။ အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၂)ဦး ကတော့ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ နီးစပ်ရာကျန်းမာရေး စောက်ရှောက်မှုလုပ်တဲ့ နေရာစီကို ပို့ဆောင် ထားပါတယ်။ လက်နက်ကြီးပစ်ခတ်တဲ့အချိန်ကတော့ည ၁၁း၄၅ မိနစ်မှာ ပစ်ခတ်တာဖြစ်ပါတယ်”ဟု ရဲဘော်မျိုးကြီးက ပြောသည်။

Photo: CJ

ထို့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ် ၄ လုံး ထိမှန်ပျက်စီးသွားသည်ဟု ၎င်းက ဆက် ပြောသည်။

လက်ရှိ ကျေးရွာသားများသည် လက်နက်ကြီး ထပ်မံပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက် နီးစပ်ရာသို့ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူများကို အဓိက ပစ်မှတ်ထားပြီး လေကြောင်းနှင့် မြေပြင်လက်နက်ကြီးပစ်ခတ်မှုကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေခြင်းဖြစ်သည်ဟု ကေအဲန်ယူက ပြော ဆိုသည်။