Home သတင်း ထားဝယ်အထူး စီးပွားရေးဇုန်အနီး ကျေးရွာများ စစ်ကြောင်းဝင်လာ၍ ထွက်ပြေးတိမ်းရှောင်ရ

ထားဝယ်အထူး စီးပွားရေးဇုန်အနီး ကျေးရွာများ စစ်ကြောင်းဝင်လာ၍ ထွက်ပြေးတိမ်းရှောင်ရ

592
Photo: Social Media

ဇန်နဝါရီ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့ အင်အားဖြည့် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် အနီးရှိကျေးရွာများမှ ဒေသခံ ၂,၀၀၀ ဦး ကျော်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရွာသားများက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှစတင်ပြီး အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းသို့ ရေကြောင်းဖြင့် အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သည်။ ထို့နောက် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး နေသည့်အတွက် နဘုလယ်ကျေးရွာ၊ လဲရှောင်ကျေးရွာ၊ ပရဒတ်ကျေးရွာ နှင့် မူးဒူးရွာမှ ဒေသခံ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ထားဝယ်အထူးစီးပွားရေးဇုန်တစ်ဝိုက်က စစ်ကြောင်းတွေ မကြာခဏလာတယ်။ ပြီးရင် ရွာထဲကိုလာပြီး စစ်ကြောင်း ထိုးတယ်။ ခဏခန ဒေသခံတွေလည်း ဖမ်းခံထိမှာကြောက်ပြီး ထွက်ပြေးတဲ့အခြေအနေ ဖြစ်တယ်။ တချို့ဒေသခံတွေကတော့ ထားဝယ်မြို့ပေါ်ဘက်ကိုရှောင်ပြီး အိမ်ငှားနေထိုင်ကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကို စိုးရိမ်နေရ ပြီး၊ နီးစပ်ရာ တော၊ တောင်၊ ဥယျာဉ်ခြံများနီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းအမျိုးက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ဇန်နဝါရီ ၂၁ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသအခြေစိုက်တော်လှန်ရေး အင်အားစုဖြစ်သည့် Ba Htoo-Army(BHA) ပူးပေါင်းစစ်ကြောင်းက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် ဒဏ်ရာရသူများနှင့် သယ်ဆောင်လာသည့် ဒရုန်းနှင့်လက်နက်များ ပျက်စီးခဲ့ သည်ဟု ရဲဘော်ထက်မြတ်က ပြောသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်းသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ ဝင်များက နယ်မြေစိုးမိုးမှုရရှိနိုင်ရန်အတွက် မကြာခဏ စစ်ကြောင်းထိုးသည့်အတွက် ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ကျေးရွာနေဒေသခံများ လည်း ထွက်ပြေး တိမ်းရှောင်ရမှုများ ဖြစ်ပေါ်လျက်ရှိသည်။