ဇန်နဝါရီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ နှင့်ရှစ်မိုင်အကွာရှိ စစ်ကောင်စီ၏ မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနှင့် စစ်ဆေးရေး ဂိတ်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အဆိုပါ စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်ကို ဒူရက စစ်ကြောင်းက ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များ က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကနဦးစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီစခန်းကုန်းအား ဝင်ရောက်သိမ်းယူသည့်အချိန်တွင် စစ်ကောင်စီဘက်မှ RPG လက်နက် ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်သုံးဦးကျဆုံးသွားပြီးနောက် စစ်ကြောင်းပြန်ဆုတ် ခဲ့ရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဘက်က ပြောသည်။
“ကျနော်တို့ဘက်က ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့သေဆုံးမှုတွေကိုတော့ စစ်ကောင်စီရဲ့ ပိုက်ဆံ ကောက်နေတဲ့ ဂိတ်တွေမှာ သေဆုံးနေတာတွေကို မျက်မြင်တွေ့ရှိပြီး အတည်ပြုနိုင်ခဲ့တာပါ” ဟု YPPDF ပြန်ကြားရေး တာဝန်ခံက ဇန်နဝါရီ ၇ ရက်နေ့တွင် အတည်ပြုပြောသည်။
စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် နှစ်ဖက်ပစ်ခတ်မှု များ ပြီးဆုံးချိန်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။
အဆိုပါ စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တိုက်ပွဲ ဖြစ်ပွားရာ အနီး တဝိုက်ကို လုံခြုံရေး တင်းကြပ်စွာပြန်ချထားသလို ဘန်ကာများ ထပ်မံတည်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။



















