ဇန်နဝါရီ ၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ-၄၊ ကစယ်ဒိုမြို့နယ် (ထားဝယ်- မေတ္တာမြို့အနီး)၊ ကွမ်းချောင်းကြီး(သနေခလယ့်) ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဇန်နဝါရီ ၇ ရက်၊ နေ့လည် ၁၁နာရီခွဲဝန်းကျင်ခန့်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်အတွင်းရေးမှူး ပဒိုစော အယ်နားက ပြောသည်။
ယခုလို စစ်ကောင်စီက ကွမ်းချောင်းကြီးကျေးရွာသို့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်သည့်အတွက် ကျေးရွာနေ စောခွားဒို နှင့် နော်ယူရီဖောတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အဆောက်အဦးအချို့လည်း ဗုံးစထိမှန်ပျက်စီးသွားပြီး စာသင် ကျောင်းများလည်း ပိတ်ထားလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို မေတ္တာမြို့ နှင့်နီးသည့် စစ်ကောင်စီတပ်စခန်းကို ကာကွယ်သည့် အနေ ဖြင့် အများပြည်သူနေထိုင်သည့် ကျေးရွာထဲသို့ ခြိမ်းခြောက် ဗုံးကြဲချခြင်း ဖြစ်နိုင်သည်ဟု ကေအဲန်ယူ- ကရင်အမျိုး သားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ အတွင်းရေးမှူး ပဒိုစောအယ်နာက ယခုလို ပြောသည်။
“အဲဒီနေရာနဲ့ နီးတဲ့ မေတ္တာမြို့နယ်၊ ကျောက်မဲတောင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သွားတိုက် မှာကိုကြောက်လို့ သူတို့က ကျနော်တို့ တော်လှန်ရေးပူးပေါင်းတပ်၊ လှုပ်ရှားတဲ့နေရာတွေကို ပစ်ခတ်တယ်လို့ ထင်တယ်။ ဒါပေမယ့် အခုသူတို့ ပစ်တဲ့နေရာက တော်လှန်ပူးပေါင်းတပ်ရဲ့ နေရာတွေမဟုတ်ဘဲ လူထုနေထိုင်တဲ့ ရွာထဲကို ပစ်ခတ်တာဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ဗုံးကြဲ ပစ်ခတ်ခံရမှုကြောင့် ဒေသခံ အများပြည်သူများ စိုးရိမ်ကြောက်လန့်ကာ ညအချိန်တွင် နေအိမ်မှ တိမ်းရှောင် နေထိုင်ကြသူများရှိသလို လတ်တလော ကျေးရွာ စာသင်ကျောင်းကိုလည်း ပိတ်ထားလိုက်ရသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “အခု လေကြောင်းပစ်ခတ်မှုဖြစ်တဲ့ရွာမှာတော့ စာသင်ကျောင်းပိတ်ထားလိုက်တယ်။ ပြီးတော့ အဲဒီအနီးနားရွာတွေမှာလည်း ကျောင်းသားမိဘတွေက စိုးရိမ်တာကြောင့် ကျောင်းပိတ်ရတာတွေလည်း ရှိတယ်။ ကျမတို့ကတော့ ဒီလိုပဲ စိုးရိမ်မှုတွေကြားမှာ နေရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက ထားဝယ်မှ မေတ္တာမြို့ ကျောက်မဲတောင် စစ်ကောင်စီ စခန်းသို့ ရိက္ခာနှင့် အင်အား ဖြည့်ရန် လာသည့် စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးသည်။
၎င်းအပြင် ထားဝယ်အရှေ့တောဒေသ ကျောက်နီမော် ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်ဘက်မှ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းပစ်ကူ စစ်ကြောင်းထိုးတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဘက်ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သိရသည်။




















