Home သတင်း စစ်ကောင်စီ၏ ခလရ-၂၈၈ မှ တပ်သား နှစ်ဦး KNU တပ်မဟာ(၃)ထံ လက်နက်ချ

စစ်ကောင်စီ၏ ခလရ-၂၈၈ မှ တပ်သား နှစ်ဦး KNU တပ်မဟာ(၃)ထံ လက်နက်ချ

791
Photo: KNU

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၉)ထံသို့ စစ်ကောင်စီတပ်ရင်း ခလရ-၂၈၈ မှ တပ်သား(၂)ဦး ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်နေ့က လက်နက်ချအလင်းဝင်လာကြောင်း ကေအဲန်ယူက ပြောသည်။

လတ်တလော စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် တပ်မဟာ (၃)နယ်မြေ၊ ကျောက်ကြီးအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၈၈ စခန်းမှ တပ်ဖွဲ့ဝင်(၂)ဦး လက်နက်နှင့်တကွ အလင်းဝင်လာသည်ဟု KNU ကျောက်ကြီးမြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက ပြောသည်။

“ခလရ(၂၈၈) သံမဏိစခန်းက တပ်သားတွေ၊ တစ်ယောက်က အရင်က ကုန်ကားနောက်လိုက်တာ။ နောက်တစ် ယောက်က ထိုင်းဘက်မှာထောင်ကျပြီး မြန်မာပြည်ဘက်ကိုပို့တဲ့အချိန် စစ်ကောင်စီကဖမ်းတယ်။ ပြီးတော့ စစ်မှုထမ်းအပတ်စဥ်(၅)မှာထည့်လိုက်တာ။ ဒီမှာတာဝန်လာကျတာ တစ်လလောက်ပဲရှိသေးတယ်။” ဟု ပဒိုစောဝါးမူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား(၂)ဦးအား KNLA တပ်မဟာ(၃) တပ်ရင်း(၉)အနေဖြင့် အဖွဲ့အစည်း၏ စည်းမျဥ်းဥပဒေများအတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ပြောခွင့်ရ ပဒိုစောဝါးမူက ဖြည့်စွက်ပြောသည်။

အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုဆိုးရွားလာသောပဋိပက္ခကြောင့် တပ်မဟာ(၃)နယ်မြေတွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့်၂၀၂၄ ခုနှစ် နှစ်ဝက်ပိုင်းမှာပင် တိုက်ပွဲဖြစ်ပွားသည့်အကြိမ်ရေ ၄၀၀ ကျော်ဖြင့် ကေအဲန်ယူ ခရိုင်(၇)ခုအတွင်း အများဆုံး တိုက်ပွဲအရေအတွက်ဖြစ်ကြောင်း ကေအဲန်ယူ-ဗဟိုက ပြီးခဲ့သည့်နှစ် ဇူလိုင်လပိုင်းတွင် စာရင်းထုတ်ပြန်ထားသည်။

ထိုစာရင်းအရ ကေအဲန်ယူခရိုင် ၇ ခုလုံး၌ တိုက်ပွဲပေါင်း ၂,၀၀၀ ထက်မနည်းဖြစ်ပွားခဲ့သည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုမှာလည်း လူဦးရေ ၂,၀၀၀ ကျော် ရှိသည်။ ထို့ကြောင့် စစ်ရေးအရ ဆုံးရှုံးမှုများရှိနေသည့် စစ်ကောင်စီထံမှ စွန့်ခွာပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်အရေအတွက်တို့မှာလည်း သိသိသာသာရှိလာကြောင်း တော်လှန်ရေးအင်အားစုများမှ သိရသည်။