Home သတင်း ဖားအံမြို့တွင် ညအမထွက်ရ အမိန့်အပြင် လူ ၅ ဦးထက်ပိုမစုဝေးရ အမိန့်ထုတ်

ဖားအံမြို့တွင် ညအမထွက်ရ အမိန့်အပြင် လူ ၅ ဦးထက်ပိုမစုဝေးရ အမိန့်ထုတ်

801
Photo: CJ

ဇန်နဝါရီလ ၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဇန်နဝါရီလ ၇ ရက်မှစပြီး ညမထွက်ရအမိန့်အပြင် လူ ၅ ဦးထက်ပိုစုဝေး မှုမလုပ်ရအမိန့် ထုတ်ပြန်လိုက်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်ကို မြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးဌာနက အသံချဲ့စက်ကားဖြင့် လိုက်လံကြေငြာနေသလို လူမြင်ကွင်းနေရာများတွင် အမိန့်ကြေငြာစာရွက်များကပ်ထား ခြင်းရှိနေကြောင်း အမည်မဖော်လို ဖားအံ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မနေ့ကတည်းက လိုက်ကြေငြာနေတာ၊ ရပ်ကွက်အုပ်ချုပ်ရေးကလူတွေ ၊ ဒီမနက် ထ ၁ လမ်းမမှာ အားကစားရုံ ဘက်မှာလှည့်ကြေငြာနေတာပေါ့။ လူအချို့က ပြည်သူတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုး ရေးကို ပျက်ပြားအောင် လုပ်ဆောင်သူတွေရှိနေလို့တဲ့၊ ညမထွက်ရအမိန့်က ည ၁၂ နာရီကနေ မနက် ၅နာရီအထိ လူစုလူဝေးက ၅ ယောက်ထက် ပိုမစုဝေးရဆိုပြီး ကြေငြာတယ်။ ဘာဆက်ဖြစ်မလဲ တော့မသိရဘူးပေါ့။”ဟု ၎င်းဖားအံမြို့ခံက ပြောသည်။

လတ်တလော ဖားအံမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်မီး တစ်နေ့လျှင် ၃ နာရီ ခန့်သာရရှိနေသည့်အတွက် မြို့နယ်လုံးကျွတ်ညအချိန် လျှပ်စစ်မီးရရှိခြင်းမရှိသော်လည်း ဖားအံသို့ လာရောက်လည်ပတ်သူများမှာ မီးစက်ဖြင့် လုပ်ငန်းလည်ပတ်သည့် စားသောက်ဆိုင်၊ အရက်ဘားနှင့် ဟိုတည်၊ တည်းခိုခန်းများတွင် ပုံမှန်လူစည်ကားလျက်ရှိကြောင်း သိရှိရသည်။

“ဖားအံကသံလွင်တံတားတို့ တောင်ကလေး ဂိတ်တို့ အိန္ဒု ဂိတ်တို့အစစ်အဆေးကြမ်းပေမယ့် ည ၁၂ နာရီကျော်လည်းစစ်တပ် နဲ့ ပတ်သက်သူတွေသွားလာပျော်ပါးနေကြတာပါပဲ၊ စစ်တပ်နဲ့ပတ်သက်ပြီး ဖွင့်ထားတဲ့ဆိုင်တွေကလည်း ဖွင့်နေတာပါပဲ၊ အခုလည်း လူစုလူဝေးမလုပ်ရကြေငြာတယ်။ မာရှယ်လောထုတ်ပေမယ့် မြို့ မှာ ပစ်တာခတ်တာမရှိသေးတော့ သွားနေကြတာပါပဲ”ဟု နောက် ထပ် မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖားအံမြို့နှင့် လှိုင်းဘွဲ မြို့မှလွဲ၍ ကျန်မြို့နယ် ၅ ခုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များတိုက်ပွဲနေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး နေရာဘက်တွင် လည်း နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေး သတင်းအရင်းအမြစ်များက ပြောသည်။