Home သတင်း ဖယ်ခုံ စစ်ရှောင်သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ဖယ်ခုံ စစ်ရှောင်သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

520
Photo: Social Media (ပုံဟောင်း)

ဇန်နဝါရီ ၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း၌ သက်ကြီး ရွယ်အိုများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း မြေပြင်စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများကြောင့် ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်‌နေရပြီး စစ်ဘေးရှောင်သက်ကြီးရွယ်အိုများကို ကျမ်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ သည်ဟု မြေပြင်စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ကျနော်သွားနေတဲ့ စစ်ဘေးရှောင်စခန်းအများစုမှာ သက်ကြီးရွယ်အိုတွေ များပါတယ်။ ပြီးတော့ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ တစ်နှစ်ထက်တစ်နှစ်လိုအပ်လာတယ်။ သူတို့အတွက်က ဆေးရုံဆေးခန်း သွားရမယ့် အသိနည်းကြပြီး ဆေးမြီးတိုတွေနဲ့ ကုသတာတွေလည်း ရှိလာတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုဆောင်းရာသီကာလဖြစ်၍ ရာသီဥတု အအေးဒဏ်ကို ခံစားနေရပြီး နေထိုင်ရေး အဆင်မပြေမှုများ လည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် စစ်ဆေး ရေးဂိတ်များတွင်လည်း ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်ထားသည့်အတွက် စစ်ဘေးရှောင်စ ခန်းများ၌ ဆေးဝါးလိုအပ် ချက်များ ရှိလာသည်ဟု စစ်ဘေးရှောင်ကူညီသူ အခြားတစ်ဦးက ပြောသည်။

“ဆေးဝါးသယ်ဆောင်ခွင့် လမ်းကြောင်းကတော့ ခိုးပြီးသယ်ရတာပေါ့။ ကန့်သတ်ကုန်မို့လို့။ စစ်တပ်ဘက်က ပိတ်ထားတာ။ ကုန်ပစ္စည်းတွေ သယ်ယူဖို့တောင် တောင်ငူတစ်လမ်းလောက်ပဲ ကောင်းကောင်း ဖွင့်တာ။ တောင်ငူ အထွက်မှာလည်း စစ်တပ်ဂိတ်တွေရှိတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် နယ်မြေတွင်းပဋိပက္ခများနှင့် စစ်တပ်က တားမြစ်ပိတ်ဆို့မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စစ်ဘေးရှောင်များနေထိုင်ရာ အချို့နယ်မြေများရှိ သောက်သုံးရေရှားပါးမှု၊ အလှူရှင်ရောက်ရှိမှုနည်းပါးခြင်းနှင့် အရေပြားနှင့်ဝမ်းရောဂါကဲ့သို့ ကျန်းမာရေးပြဿနာများ အဖြစ်များလေ့ရှိသည်။