Home သတင်း KNU ထိန်းချုပ်ထားသည့် ကျိုက်ဒုံမြို့ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲ အမျိုးသမီးတစ်ဦး သေဆုံး

KNU ထိန်းချုပ်ထားသည့် ကျိုက်ဒုံမြို့ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲ အမျိုးသမီးတစ်ဦး သေဆုံး

115
Photo: CJ

ဇန်နဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးထိန်းချုပ်ထားသည့် ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၂၂) နံနက် ၇ နာရီ ခွဲဝန်းကျင်ချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်း ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးသွားသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးကအတည်ပြု ပြောသည်။

ယခုလို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်သည့် အတွက် ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်ရှိ မီးသတ်စခန်း အဆောက် အဦးတစ်ခုလုံးနီးပါး ပျက်စီးသွားသလို အနီး၌ မီးလုံနေသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဗုံးစမှန် သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ထိခိုက် သေဆုံးသွားတဲ့အမျိုးသမီးက ရော်ဘာသွားခြစ်ပြီး ပြန်လာတာ နေအိမ်တောင်မရောက်သေးဘူး၊ ပြန်လာ တဲ့ လမ်းက နေအိမ်တစ်အိမ်အနီးမှာ ခနထိုင်ပြီး မီးလှုံတဲ့အချိန်မှာ လေယာဉ်လာပစ်တော့ ထိမှန်သွားတာ” ဟု ၎င်းက ပြောသည်။

ကျိုက်ဒုံမြို့ ပေါ်ရှိ မီးသတ်စခန်း၌ ယခင်လများက KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ခတ္တသွားရောက် တည်းခိုဖူးသည့် သတင်းကို စစ်ကောင်စီရရှိပြီးနောက် ယခုလို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆိုသည်။

Photo: CJ

ကျိုက်ဒုံမြို့သည် စစ်ကောင်စီ ကင်းစင်သည့် နယ်မြေဖြစ်ပြီးနောက် တည်ငြိမ်အေးချမ်းနေသော်လည်း စစ်ကောင်စီက ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်မြေများကို ဗုံးကြဲ ဖျက်စီးလေ့ရှိသည့် အတွက် လေကြောင်း ရန်ကို ဒေသခံတို့ စိုးရိမ်သတိထားနေထိုင်ရလျက်ရှိသည်။ ထို့ကြောင့် ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးကာလတွင် နှစ်သစ်ကူးပွဲ အခမ်းအနားများ ကျင်းပခဲ့ခြင်းမရှိကြောင်း မြို့ခံတို့က ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ အခြေချဗျူဟာစခန်းကုန်းကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မတ်လ အတွင်းက ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အလုံးစုံ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၆၆ ဦး လက်နက်ချ ခဲ့သေးသည်။ ထို့နောက် ကျိုက်ဒုံသည် စစ်ကောင်စီ ကင်းစင်သည့် မြို့အဖြစ်ခဲ့သလို ကေအဲန်ယူက လက်ရှိအချိန် ထိ ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။