Home သတင်း KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တပ်မဟာ- ၄ လူထုတွေ့ဆုံပွဲခရီးစဉ် အောင်မြင်စွာပြီးဆုံး

KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တပ်မဟာ- ၄ လူထုတွေ့ဆုံပွဲခရီးစဉ် အောင်မြင်စွာပြီးဆုံး

1376
Photo -KNLA

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ၏ ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ-၄ ဒုတိယအကြိမ် လူထုတွေ့ဆုံပွဲ ခရီးစဉ် အောင်မြင်ပြီးဆုံးသွားပြီးဟု တပ်ဘက်ဆိုင်ရာတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲသည် ယခုဇန်နဝါရီ၊ ပထမအပတ်အတွင်း၊ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ရှိ ပြည်သူလုထုများနှင့် သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်နှင့်ပတ်သက်၍ ကစယ်ဒို စစ်ကြောင်းမှူး ဗိုလ်ဘဦးက ယခုလိုပြောသည်။

“ဒီဒုတိယအကြိမ်ခရီးစဉ်မှာ ဒီနယ်မြေမှာရှိတဲ့ မြို့နယ်ခေါင်းဆောင်တွေနဲ့မကဘဲ ပြည်သူလူထုနဲ့ပါ လာရောက် တွေ့ဆုံ တာဖြစ်တယ်။ ၂၀၂၅ ခုနှစ်မှာ တိုက်ပွဲအခြေအနေတွေ ပိုမို ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုတွေ လည်း နိုးနိုးကြားကြားနဲ့နေဖို့ အဲဒါတွေ လာပြီးပြောသွားတာရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တပ်မဟာ(၄)နယ်မြေထဲတွင် KNLA နှင့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့ကြား မကြာခဏ ပစ်ခတ်တိုက် ခိုက်မှု ဖြစ်ပွားနေသည့်အတွက် ပြေလည်မှုရရှိပြီး ထပ်မဖြစ်ရန် တပ်မဟာ(၄)နယ်မြေရှိ KTLA ခေါင်းဆောင် ကော်လာဖိုး(ခ) ဗိုလ်စောအယ်ကွီးနှင့် တွေ့ဆုံရန်စီစဉ်ခဲ့သေးသည်။ သို့သော်လည်း ထိုနယ်မြေအတွင်းရှိ ဗိုလ်နှင်းဆီဦးဆောင်သည့် ဆာ့ကပေါ်တပ်ဖွဲ့ဝင်များသာ လာရောက်တွေ့ဆုံ လုံခြုံရေးယူပေးခဲ့သည်ဟု ကေအိုင်စီ သတင်းရင်းမြစ်များက ပြောသည်။

Photo -KNLA

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက KNLA ဒုစစ်ဦးချုပ်၊ တပ်မဟာ(၄) ခရီးစဉ်သွား ရောက်ချိန်က ထိုနယ်မြေအတွင်း KNLA နှင့် ပူးပေါင်းလုပ်ဆောင်မှုရှိသည့် KTLA ထီးဆဲမေ့ယွာ တပ်ရင်း တာဝန်ရှိ သူများနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သေးသည်။

ယခု ဒုစစ်ဦးစီးချုပ်၏ ဒုတိယအကြိမ် ခရီးစဉ် လူထုတွေ့ဆုံပွဲသို့ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်း၊ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးနှင့်အတူ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၂) နယ်မြေအတွင်းရှိ ပြည်သူလူများ တက်ရောက်ခဲ့သည်။

KNLA ဒုစစ်ဦးစီးချုပ် စောဘောကျော်ဟဲက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် -KNLA တပ်ရင်း(၇)၊ တပ်ရင်း (၁၁)နှင့် တပ်ရင်း(၂၀၃) နယ်မြေရှိ တာဝန်ရှိသူနှင့်များ ပြည်သူလူထုများနှင့် ပထမ အကြိမ် သွားရောက်တွေ့ဆုံခဲ့သည်။ ၎င်းအပြင် အဆိုပါခရီးစဉ်အတွင်း တပ်မဟာ(၆) နယ်မြေထဲသို့ ကွင်းဆင်း သွားရောက်ခဲ့ပြီး KNLA၊ KNDO တပ်ရင်းတို့မှ တပ်ဖွဲ့ဝင် ရဲဘော်များနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည် ဟု သိရသည်။