Home သတင်း ကော့ကရိတ် ငါးတိုင်ရွာသားတစ်ဦးကို ကျုံဒိုး စစ်တပ်စစ်ကြာင်းက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်

ကော့ကရိတ် ငါးတိုင်ရွာသားတစ်ဦးကို ကျုံဒိုး စစ်တပ်စစ်ကြာင်းက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်

1103
Photo- CJ

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အနီးရှိ ငါးတိုင်ကျေးရွာသားတစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ထားသည်ဟု ဒေသခံ သတင်းအရင်းအမြစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်သတင်းအရင်းအမြစ်က ပြောသည်။

ငါးတိုင်ရွာ ကော့ကရိတ်-ကျုံဒိုးလမ်းမကြီးတွင် ကင်းပုန်းစစ်ကြောင်း နေရာယူထားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ငါးတိုင်ကျေးရွာသားတစ်ဦးအား စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက် ဖျက်သွားခြင်းဖြစ်ကြောင်း KNLA စစ်ရေးသတင်းအမြစ်က ပြောသည်။

အဆိုပါ ငါးတိုင်ကျေးရွာ မူလတန်းကျောင်း အနောက်ဘက် ရွာလမ်းပိုင်းတွင် နေထိုင်သူ ကိုဝေယံဦး အသက် ၄၀ နှစ်အား နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း မှားယွင်းပစ်ခတ်မိသည်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူအား အသိပေးခဲ့ပြီးနောက် စစ်ကြောင်းဆက်လက်ထွက်ခွာသွားကြောင်း အဆိုပါ KNLA သတင်းအရင်းအမြစ်က ပြောသည်

၎င်းက ” ၁၀ ရက်နေ့က ငါးတိုင်မှာ ကင်းပုန်းစောင့်တဲ့လမ်းလုံခြုံရေး စစ်တပ်က ကျုံဒိုးဘက်က လာပြီး ရွာ ကျောင်းနားမှာ နေနေကြတာ ၊ ကရင်ဘက် PDF ဘက်က ဝင်ပစ်တာ့သူတို့စစ်တပ်က တစ်ယောက်သေတယ်၊ နှစ်ယောက် ဒဏ်ရာနဲ့ ကျုံဒိုးဘက်ကို သယ်သွားတယ်။ ပြီးတော့ အဲ့ကျောင်းနောက်ကနေတဲ့သူကို PDF ဆိုပြီး ရမ်းသမ်း ပစ်သတ်လိုက်တယ်။ ပြီးတော့ အလောင်းပြန်မရဘူး၊ ဖျောက်လိုက်တယ် ၊ မြေမြှုပ်လိုက်လား၊ မီးရှို့ လိုက်လား မသိရဘူး။ မိဘတွေကသူ့သား အလောင်းသွားတောင်းတာ မရဘူးဖြစ်နေတယ် “ဟု ပြောသည်။

လက်ရှိကျုံဒိုး အခြေစိုက် စစ်တပ် ၂ ခု ဖြစ်သော ခြေမြန်တပ်ရင်း -ခမရ ၅၄၅/၅၄၆ စစ်တပ်နှင့် ဂျိုင်းတံတား စစ်တပ်မှ မိဂလုံ၊ ရေပူ၊ ကမ္မရိုက်ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်တိုက်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ ကျုံဒိုးမြို့နှင့် ဂျိုင်းတံတားနေရာများအား တိုက်ခိုက်မခံရရေး ၊ ကွန်ကရစ်ဘန်ကာများ၊ စစ်ကတုတ်များ၊ ဆက်သွယ်ရေး တူးမြောင်းများ၊ စစ်တပ်ခြံစည်းရိုးများအား အဆင့်မြှင့်တင်ပြုပြင်နေကြောင်း သိရှိရသည်။

“စစ်တပ်ကတော့ နေ့တိုင်း တစ်ရွာမဟုတ်တစ်ရွာ ပစ်ထည့်တာပဲ၊ ကမ္မရိုက်၊ ရေပူ၊ မိဂလုံဘက်တွေပေါ့ ၊ ကျုံဒိုး နဲ့ ကော့ကရိတ် ငါးတိုင်လမ်းဘက်ကို လာလာမတိုက်နိုင်အောင် အလုံးကြီးပစ်ထုတ်တယ်။ တစ်ခါတလေ ရင်ခွဲ တောင်၊ မြပတိုင်၊ လှိုင်ကွယ်ဘက်အထိကျတယ်၊ ငါးတိုင်၊ ခြောက်တိုင်၊ ညီညာသာလင်း၊ ခုနှစ်တိုင် ဘက်က ဘုန်းကြီးကျောင်းတိုင်းမှာ စစ်တပ်ကရှိနေတယ်” ဟု အဆိုပါ လမ်းပိုင်းတွင် သွားလာဈေးရောင်းချသူတစ်ဦးက ပြောသည်။

ယခု ဇန်နဝါရီလအတွင်း မြဝတီ-ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် နေ့စဉ်စစ်ကောင်တပ်စစ် ကြောင်းများ နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းအပြင် မြေပြင်စစ်ကြောင်းထိုးပြီး မြဝတီသင်္ဃန်းညီနောင် တပ်မစခန်းကုန်းအထိ ပြန်လည် သိမ်းယူနိုင်ရန် ထိုးစစ်ဆင်နေကြောင်း သိရသည်။