ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ်၊ တကူးကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားသည်ဟု မြေပြင်ရှိ ဒေသခံများက ပြောသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ဒဏ်ရာရရှိသွားသူ ဒေသခံ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ယခုလို အတည်ပြုပြောသည်။
“ဟုတ်ပါတယ်၊ ပြီးခဲ့တဲ့ရက် မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခံထိတာပါ။ ဒေသခံထဲက ယောကျ်ားလေး တစ်ဦးနဲ့ မိန်းကလေးသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲ့ထဲမှာ မိန်းကလေးတစ်ဦးက ဒဏ်ရာ စိုးရိမ်ရပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ပြီး နောက် နံနက် ၉ နာရီအချိန်တွင် တနင်္သာရီ မြို့နယ်၊ သံတိုက်ကျေးရွာ၊ ရွာလယ်ပိုင်းရှိ စာသင်ကျောင်း အနီးတစ်ဝိုက်ကို စစ်ကောင်စီက နောက်တစ်ကြိမ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခုလို စစ်ကောင်စီမှလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျေးရွာသည် စစ်ကောင်စီအုပ်ချုပ်ရေးမရှိဘဲ တော်လှန်ရေးအင်အားစုများ အဓိကထိန်းချုပ်ထားသည့် နေရာများဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီမှလေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့်ပတ်သက်၍ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ်မှစတင်ပြီး ၂၀၂၄ နိုဝင်ဘာလအထိ နိုင်ငံတဝှမ်းလေကြောင်း တိုက်ခိုက်ခံရမှုအကြိမ်ရေပေါင်း ၄,၀၂၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃,၄၀၀ ကျော်နှင့် သေဆုံးသူ ၂,၂၅၀ ကျော်အထိရှိလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။



















