ဇန်နဝါရီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း ဗျူဟာကုန်းတပ်စခန်းကို စစ်ကူတက်လာသည့် အင်အား(၁၅၀)ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများပြားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ အနန်းကွင်းဗျူဟာကုန်းစခန်းသို့ အင်အားဖြည့်တင်းလူလဲလှယ်ရန် တပ်ရင်းနှစ်ရင်းပေါင်းအင်အားဖြင့် မြေပြင်လမ်းကြောင်းမှစစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA မဟာမိတ် PDF ပူးပေါင်းတပ်က လက်ရှိအချိန်ထိ ကြားဖြတ်တိုက်ခိုက်လျက်ရှိခြင်းဖြစ်သည်။
KNLA ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃၀)ခန့်သေဆုံးပြီး (၅၀)ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်မြေပြင်ရှိ KNLA သတင်းအရင်းအမြစ်ကဆိုသည်။
“တက်လာတာ ၁၅၅ ယောက်လောက်ရှိမယ်။ တောလမ်းမြေပြင်လမ်းကြောင်းကနေပဲ လာကြတာ။ ကျနော်တို့ အဖွဲ့တွေတောက်လျှောက် ကြားဖြတ်တိုက်တော့ အသေအပျောက်က ၃၀ ကျော်၊ ထိခိုက်ဒဏ်ရာရတာက ၅၀ ကျော်ရှိတယ်။ သေတဲ့သူနဲ့ထိထားတဲ့သူနဲ့ ၃၀ လောက်ပဲ သူတို့ စခန်းနားရောက်တယ်။ အခုထက်ထိ သူတို့စခန်း ကုန်း ဆီမရောက်သေးဘူး။ စခန်းကုန်းနားတော့ရောက်သွားပြီ” ဟု ၎င်းKNLA သတင်းအရင်းအမြစ်က ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

KNLA ပူးပေါင်းတပ်၏တစ်နှစ်နီးပါး ဝိုင်းဝန်းပိတ်ဆို့မှုခံရပြီး ထိခိုက်မှုများပြားသည့်ကြားမှ ဆက်လက်ချီ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ တပ်မ(၄၄)လက်အောက်ခံ ဗျူဟာမှူး မင်းခိုက် ဆိုသူပါဝင်လျက်ရှိ သည်။ လက်ရှိအနန်းကွင်း ဗျူဟာမှူး ဝဏ္ဏလှိုင်နေရာတွင် ၎င်းကိုအစားထိုးလဲလှယ်ရန် ရည်ရွယ်၍ ထိုစစ်ကြောင်း တက်လာခြင်းဖြစ်သည်ဟုလည်း ခိုင်လုံသည့် နယ်မြေခံ KNLA သတင်းအရင်းအမြစ်မှ သိရသည်။
KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သလို၎င်းတို့သယ်ဆောင်လာသော လက်နက်ငယ်များနှင့် ခဲယမ်းများကိုလည်း KNLA ဘက်က သိမ်းဆည်း ရမိခဲ့သေးသည်။
သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်တွင် တည်ရှိသည့် စစ်ကောင်စီ၏ ဗျူဟာအဆင့် အနန်းကွင်းတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိနိုင်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လပိုင်းမှစတင်ကာ စစ်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်လျက်ရှိသလို လေကြောင်းမှလွဲ၍ ကျန်ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ထားခြင်းဖြစ်သည်။
ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ KNLA ပူးပေါင်းတပ်၏လက်နက်ချအညံ့ခံရန် ပြောဆိုမှုကို ယနေ့ထိ တိုင်ငြင်းဆန်တိုက်ခိုက်နေသော်လည်း တိုက်ပွဲရက်ရှည်ကြာလာသည်နှင့်အမျှ ၎င်းတို့ဘက်မှ စခန်းစွန့်ခွာ ထွက်ပြေးကြသူအချို့လည်းရှိနေသည်ဟု KNLA တပ်မဟာ(၆) ဘက်က အဆိုအရသိရသည်။



















