Home သတင်း ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄၀၆ ဦးရှိဟု AAPP ပြော

၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄၀၆ ဦးရှိဟု AAPP ပြော

563
Photo: CJ

ဇန်နဝါရီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းလုံး၌ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဒေသခံပြည်သူပေါင်း ၄၀၆ ဦးထိ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပြောသည်။

ပြီးခဲ့သည့်တစ်နှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရသူ ၇၅၃ ဦးအထိရှိခဲ့သည့်အနက် ၎င်းတို့ ထဲမှ ၇၄၈ ဦးသည် လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရပြီး ဆေးဝါးမလုံလောက်မှုများ၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားညှဉ်းပန်းမှုများကို ခံစားနေရသည်ဟု AAPP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။

၎င်းက “ဆေးဝါးမလုံလောက်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖြင်းတဲ့အတွက် ထောင်တွင်းမှာ မသေ သင့်ဘဲ သေခဲ့ရတဲ့သူတွေအများအပြား ရှိနေပါပြီ။ ဒီလိုအသက်ပေးလိုက်ရတဲ့သူတွေ မတရားညှဉ်းပန်းခံနေရတဲ့ သူတွေ အတွက် တရားမျှတမှုရဖို့အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေအားလုံးမှာ တာဝန်ရှိပါတယ်။ သူတို့တွေ တရား မျှတမှုရဖို့အတွက် ဝိုင်းကြိုးစားကြရပါမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီ၏ အနိုင်ကျင့်နှိပ်စက်မှုဒဏ်များမှ လွတ်မြောက်နိုင်ရေးအတွက် နိုင်ငံတကာအနေဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းနိုင်ရန်အတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန် လိုအပ်နေသည်ဟု ၎င်းက ထပ်မံဖြည့်စွက်ပြောဆိုသည်။

“အကျဉ်းထောင်တံခါးတွေကို ကျနော်တို့ကိုယ်တိုင်ဖွင့်ပေးပြီး နိုင်ကျဉ်းတွေအားလုံးကို အပြင်ရောက်အောင် လုပ်ပေးနိုင်မှ ဒီလိုအသက်ပေးနေရတာတွေ ရပ်တန့်မှာဖြစ်ပါတယ်။ အဲဒါကြောင့် နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အတွက် ကျနော်အားလုံးအတူတကွ လက်တွဲတိုက်ပွဲဝင်ကြဖို့ လိုအပ်ပါတယ်။ အလားတူ နိုင်ငံတကာအနေနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့တိုက်တွန်းလိုပါတယ်” ဟု ဦးအောင်မျိုးကျော်က ပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များ၌ အကျဉ်းသား ၃၁ ဦး သေဆုံးခဲ့ရပြီး ရဲစခန်း၌ သေဆုံးသူ ၁၂ ဦးနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးခဲ့သူ ၁၅ ဦးအထိရှိနေသလို မြေပြင်တွင် ယခုအရေအတွက်ထက် ပိုများနိုင်ကြောင်း AAPP ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ၇၅၃ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂ ဦးဖြင့် အများဆုံးဖြစ်ကာ၊ မန္တလေးတိုင်းတွင် ၁၁၈ ဦးနှင့် မွန်ပြည်နယ်တွင် ၈၄ ဦးထိရှိခဲ့ပြီး နေရပ်မသိသူ ၂ ဦးပါဝင်သည်ဟု AAPP က ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စစ် ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းအများစုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ စုစုပေါင်း ၆,၀၉၂ ဦး အထိရှိသလို အတည်ပြုရန်လိုအပ်နေသေးသည်သေဆုံးသူပေါင်း ၂,၉၀၀ ဦးခန့်ရှိသည်ဟု AAPP က ပြုစု ထုတ်ပြန်ထားသည့် မှတ်တမ်းများတွင် ဖော်ပြထားသည်။