ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်ရှိ မြို့ပေါ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန် အရပ်သားပြည်သူများကို နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်း လူဦးရေ ပြည့်မီရန် သတ်မှတ်အသက်အရွယ်အတွင်း အကျုံး ဝင်သူများကို နေအိမ်အတွင်းထိဝင်ရောက်၍ ဖမ်းဆီးမှုများ ပြုလုပ်သည့်အတွက် လူငယ်အများအပြား နေအိမ်မှ ခေတ္တရှောင်တိမ်းနေရသည်ဟု ကျုံဒိုးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ဟုတ်တယ် ကျုံဒိုးမှာ တလောက အသက် (၃၀) ကျော်အရွယ် စျေးရောင်းနေတဲ့ အစ်ကို တစ်ယောက် သူ့အိမ်မှာ ထမင်းပြန်စားတဲ့ချိန်မှာ စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီးတော့ အိမ်အထိ လာဆွဲခေါ်သွားတယ်။ ကော့ကရိတ်ဘက်ဆိုရင်လည်း ဒီစစ်မှုထမ်းနဲ့ ကိုက်ညီတဲ့ အသက်အပိုင်း အခြားတွေ တစ်ယောက်မှ နေမရဲတော့ဘူး။ ထွက်ပြေးတဲ့သူလည်း ပြေးကုန်ပြီး။ အကုန်လုံး ရှောင်ကြရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ မြို့နေလူငယ်များအား စစ်မှုထမ်းရန် အကြောင်း ပြချက်ဖြင့် နေအိမ်အတွင်းထိ လိုက်လံ ခေါ်ယူမှုများ ရှိလာမှုကြောင့် တချို့လူငယ်များ တော်လှန်ရေး တပ်ဖွဲ့ထံတွင် သွားရောက်တိမ်း ရှောင်ကြသလို နီးစပ်ရာ မြို့များသို့လည်း သွားရောက်တိမ်းရှောင်ကြသည်ဟု ၎င်းမြို့ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “ရွာတွေမှာထက် ကျုံဒိုးဘက်က ပိုဆိုးတယ်။ လမ်းသွား လမ်းလာရင်း ဆွဲတာတွေ မရှိသေးပေမယ့် ယောကျ်ားလေးအများစုကတော့ အခြေအနေကြည့်ပြီး ရွာကို အဝင်အထွက်လုပ်လိုက် တခြားမှာ သွားရှောင်နေလိုက် လုပ်နေကြရတယ်” ဟု ပြောသည်။
စစ်မှုထမ်းလူသစ်စုရန် အပတ်စဉ်အလိုက်ခေါ်ဆောင်ရာတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း- ခမရ (၅၄၅ ) နှင့် (၅၄၆) တပ်မှ အဓိကလုပ်ဆောင်နေခြင်းဖြစ်သည်။ ကျုံဒိုးမြို့ပေါ် ၌ တစ်ရပ်ကွက်လျှင် လူ (၂) ဦးနှုန်းဖြင့် အိမ်ပေါ်အထိ လာရောက်ခေါ်ဆောင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထို့အတူ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကျုံဒိုးမြို့ပေါ်များတွင်သာမ ဖားအံ၊ လှိုင်းဘွဲ၊ မြဝတီနှင့် ကမမောင်းမြို့ ပေါ်ရပ်ကွက်များတွင်လည်း စစ်တပ်က စစ်မှုထမ်းသင်တန်းအတွက် လူသစ်စုဆောင်းမှုလုပ်ဆောင်နေသော ကောလာဟလများ တွင်တွင်ကျယ်ကျယ်ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံတစ်ဝှမ်းလုံး အတိုင်းအတာအရ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဥ်(၈)သင်တန်း ခေါ်ယူရာတွင် မြို့နယ် အလိုက်သတ်မှတ်ထားသော လူဦးရေအတိုင်း ပြည့်မီရန်လိုအပ်ချက်များသဖြင့် မြို့နေ လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေး၊ ခြိမ်းခြောက်မှုများအပြင် ယခုလို နေ့ရော ညပါ အိမ်တိုင်ရာရောက် ဖမ်းဆီးလာမှုများ ဆိုးရွားစွာ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။



















