ဇန်နဝါရီ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မမရမ်းကျေးရွာအုပ်စု၊ ထိုက်ထူရွာနေ ဒေသခံအမျိုးသမီးတစ်ဦးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၄)ရက်နေ့က နေအိမ်တွင် ဝက်စာကျွေးနေစဥ် စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပွဲချင်းပြီးသေဆုံး၍ ၎င်းကလေးငယ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နယ်မြေသတင်းအရင်းအမြစ်မှ သိရသည်။
တစ်အိမ်တည်းအတူနေ သားအမိ(၃)ဦးအနက် မိခင်ဖြစ်သူမှာ နေအိမ်ပြင်ပတွင် ဝက်စာကျွေးနေစဥ် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပွဲချင်းပြီးသေ ဆုံးခဲ့ခြင်းဖြစ်သလို နေအိမ်အတွင်းရောက်ရှိနေသည့် ၎င်း၏ကလေးငယ်(၂)ဦးမှာလည်း ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့အမေက အိမ်အောက်မှာ ဝက်စာကျွေးနေတာ။ သူ့ကလေးနှစ်ယောက်ကို အိမ်ပေါ်တက်ပြီး ဝက်ချည်ဖို့ ကြိုးပြန်ယူခိုင်းတဲ့အချိန်ဖြစ်တာ။ လက်နက်ကြီးကျတော့ အမေရော ဝက်ရော ကြေမွသွားတာပဲ။ ကလေး တွေကတော့ အစပဲထိလို့တော်သေးတယ်။ တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းပြင်းတယ်။” ဟု ၎င်းအမျိုးသားက ကေအိုင်စီသို့ပြောသည်။
ဇန်နဝါရီလ(၃)ရက်နေ့က ကျောက်ကြီး-မူသဲ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတိုက်ခိုက်သည့် စခန်းသိမ်းတိုက်ပွဲအပြီး နောက်တစ်နေ့အထိ စစ်ကောင်စီဘက်မှ ဒေသခံနေထိုင်သည့်ကျေးရွာများသို့လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမရှိသည့် ရက်များတွင်လည်း နတ်သံကွင်းရှိစစ်ကောင်စီတပ်သာမက ပိန်းဇလုပ်အခြေစိုက်စစ်တပ်နှင့် အနီးတပ်စခန်းများမှ ပြည်သူနေထိုင်ရာကျေးရွာများဘက်သို့ လက်နက်ကြီးများ နေ့စဥ်ဆိုသလို ပစ်ခတ်သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုဘက်က မကြာခဏထုတ်ပြန်လေ့ရှိသည်။
အလားတူ မူသဲတိုက်ပွဲဖြစ်ပွားသည့် ဇန်နဝါရီလ(၃)ရက်နေ့က စစ်တပ်လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ်၊ အင်ဒိုင်းကုန်းရွာရှိ အမျိုးသမီး(၁)ဦး နေအိမ်အနီးကျရောက်ပေါက်ကွဲ ကျည်စထိမှန်သဖြင့် ထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။



















