ဇန်နဝါရီ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦး မဲဆောက်မြို့ စစ်ဆေးရေးဂိတ်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု Scand Asia သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
(၂၂) ဘီး ထရပ်ကားတစ်စီးနောက်တွဲတွင် ဝှက်ထားပြီး တင်ဆောင်လာသော အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၄) ဦးကို ဇန်နဝါရီလ ၄ ရက်နေ့က မဲဆောက်မြို့နယ်၊ မယ်လ မောင်းကျေးရွာ၊ ဟွေ့ယအု ပုံမှန်စစ်ဆေးရေးဂိတ်၌ ထိုင်းအာဏာပိုင်များ ဖမ်းဆီးခဲ့ဖြစ်သည်ဟု ထိုသတင်းဌာနက ရေးသားထားသည်။
အဆိုပါ ဖမ်းဆီးခံရသူထဲတွင် အမျိုးသား (၁၇) ဦးနှင့် အမျိုးသမီး (၇) ဦးတို့ပါဝင်ပြီး ခေါ်ဆောင် လာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးတို့ကိုလည်း အဖမ်းခံရသည်ဟု သိရသည်။
ဖမ်းဆီးခံရသူ ထိုင်းနိုင်ငံသား စုံတွဲဖြစ်ကြသည့် စူရာပချ် (၂၃) နှစ် နှင့် ၀ရာပွန်း (၂၁) နှစ်တို့ ဝန်ခံချက်အရ ဇန်နဝါရီ (၄) ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် ထို မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အစုလိုက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါ စုံတွဲသည် ဒုတိယမြောက် လူမှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုဖြစ်ပြီး ရွှေ့ပြောင်း မြန်မာနိုင်ငံသား (၂၄) ဦးအား မြဝတီ-မဲဆောက် အမှတ်(၂)တံတားအနီး (မဲဆောက် ဘက်ခြမ်း)မှတဆင့် ကံဖယ်ဖစ်ခရိုင်သို့ ခေါ်ဆောင်သွားရန်အတွက် ကားခတစ်ဦးလျှင် ဘတ် (၃၀၀၀) ရယူခဲ့ကြောင်း ၀န်ခံခဲ့သည်ဟုလည်း Scand Asia သတင်းဌာနတွင် ဖော်ပြထားသည်။
Source: Scand Asia



















