Home သတင်း မူသယ်စခန်းသိမ်းပိုက်စဥ် လက်နက်ခဲယမ်းအများအပြားရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးကြောင်း KNU ပြော

မူသယ်စခန်းသိမ်းပိုက်စဥ် လက်နက်ခဲယမ်းအများအပြားရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးကြောင်း KNU ပြော

559
Photo: KNU

ဇန်နဝါရီ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)/ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ် ကောင်စီ၏ မူသယ်စခန်းကို ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO ပူးပေါင်းတပ်များမှ တိုက်ခိုက် သိမ်းပိုက်စဥ် လက်နက်ခဲယမ်းအများအပြားရရှိခဲ့ပြီး စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၃) KNU ထံမှ သိရသည်။

စစ်တပ်၏ထောက်ပို့လမ်းကြောင်းအဖြစ် အရေးပါအရာရောက်သော ကျောက်ကြီး-မူသယ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏မူသယ်စခန်းကို KNDO ပူးပေါင်းတပ်များမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ(၃)ရက်တွင် စခန်းရရှိ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီထံမှ MA 3 အမျိုးအစားအပါအဝင် လက်နက်ခဲယမ်း ၂၆ မျိုးခန့် သိမ်းဆည်းရမိပြီး စခန်းအတွင်းသေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး၊ စခန်းဝန်းကျင် လမ်းတစ်နေရာတွင် နောက်ထပ်သေဆုံး တပ်ဖွဲ့ဝင် (၄)ဦးတို့၏အလောင်းများကို တွေ့ရှိခဲ့ရသည်ဟု KNU တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်၏ပြောခွင့်ရ ပဒိုစောဝါးမူက ဆိုသည်။

“အဲဒီစခန်းကအရေးပါတယ်။ ထောက်ပို့ ပို့ဖို့ဆို အဲဒီလမ်းကြောင်းကနေပဲသွားရတာ။ ကျောက်ကြီးကနေ တပ်မ ဟာ(၅)အထိရောက်တာပေါ့။ စခန်းကျသွားတော့ စစ်ကောင်စီဘက်က ဘယ်လောက်သေလဲ အတိ အကျ စာရင်းတော့ မရသေးဘူးပေါ့လေ။ ဒါပေမဲ့ စခန်းထဲမှာတော့ အလောင်းလေးလောင်းတွေ့တယ်။ နယ်မြေရှင်း လင်းရေးလိုက်လုပ်တော့ လမ်းမှာ နောက်ထပ် ၄ လောင်း ၅ လောင်းတွေ့တယ်” ဟု ပဒိုစောဝါးမူက ပြောသည်။

စခန်းမှဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အား ၄၀ ဝန်းကျင်မှာ ကျောက်ကြီးမြို့နယ်ရှိ ၎င်းတို့ အခြား စခန်းသို့ ပြောင်းရွှေ့နေရာယူထားသလို မူသယ်စခန်းသို့ စစ်ကူလာသော တပ်စစ်ကြောင်းမှာလည်း စောမီးလူကျေးရွာတွင် ရောက်ရှိနေရာယူထားသည်ဟု တပ်မဟာ(၃) KNU ဘက်က ပြောသည်။

Photo: KNU

ထို့အတူ စခန်းသိမ်းဆည်းရမိပြီးနောက်တွင် စစ်တပ်ကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုများ ယခင်ကထက်သိသိသာသာ ပိုလုပ်လာ၍ စခန်းဝန်းကျင်မှကျေးရွာဒေသခံများ နေရပ်ရှောင်ပုန်းနေရသည်ဟု ကေအဲန်ယူနှင့် ကျောက်ကြီးမြို့နယ်နေဒေသခံများက ပြောသည်။

ပဒိုစောဝါးမူက “စခန်းကုန်းရှင်းကို စတိုက်တဲ့ ဒီဇင်ဘာ ၃၁ ကနေ ခုချိန်ထိ စစ်ကောင်စီဘက်က လေယာဥ်နဲ့ရော လက်နက်ကြီးနဲ့ရောပစ်တယ်။ ခုချိန်ထိ ပြည်သူတွေရွာထဲမနေရဲဘူး။ တောတောင်ထဲသွားရှောင်နေရသလို ကျောင်းသားတွေလည်း စာသင်တာ တောထဲသွားသင်နေရတယ်။ အဲဒါကြောင့် စားနပ်ရိက္ခာရော နေထိုင်ရေးရော ကျန်းမာရေးရော ပြဿနာရှိတာပေါ့” ဟု ဆက်ပြောသည်။

အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းကတည်းက ပဋိပက္ခပိုမိုပြင်းထန်လာသော ညောင်လေးပင်ခရိုင်သည် စစ်တပ်လက်နက်ကြီးဒဏ် အများဆုံးတွေ့ကြုံခံစားရ၍ စစ်ဘေးရှောင်အများဆုံးရှိသည့် ခရိုင်တစ်ခု လည်းဖြစ်သည်။

အထူးသဖြင့် ကျောက်ကြီးနှင့်မုန်းမြို့နယ်တို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် ဒေသခံ(၅)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရကြောင်း ကေအဲန်ယူ-ဗဟိုဘက်က ထုတ်ပြန်ချက်များအရ သိရသည်။

အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်ကောင်စီမှ လမ်းချဲ့ထွင်ဖောက်လုပ်မှုကြောင့် ပဋိပက္ခများရှိခဲ့ပြီး စစ်တပ်ရိက္ခာနှင့်အင်အား ပို့ဆောင်ရန် အသုံးမပြုနိုင်ရေးအတွက် KNLA ဘက်က တားမြစ်မှုကြောင့် နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် ကျောက်ကြီး-မူသယ်ကားလမ်းပေါ်တွင် မူသယ်စခန်းကျပြီး နောက်ထပ်ရှင်း လင်းရန် စစ်တပ်စခန်း ၃ ခုကျန်နေသေးကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။