Home သတင်း ထိုင်းအမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်သည့် မြန်မာ ၆ ဦး ဖမ်းဆီးခံရ

ထိုင်းအမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်သည့် မြန်မာ ၆ ဦး ဖမ်းဆီးခံရ

652
Photo: Social Media

ဇန်နဝါရီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မူယန်င်မြို့နယ်တွင် ထိုင်းအမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်သည်ဟု စွပ်စွဲ ခံရသည့် မြန်မာနိုင်ငံသား ၆ ဦးကို ခရိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၇ ရက်တွင် ဖမ်းဆီးရရှိသည်ဟု ပတ္တယားနယူး သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ သံသယရှိသူ မြန်မာလူငယ် ၆ ဦးကို အခင်းဖြစ်ချိန်က အသုံးပြုခဲ့သည့် ဓားနှစ်ချောင်းနှင့် အတူဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ဖြစ်စဉ်မှာ မူယန်င်မြို့နယ်၊ ထာ့ဆိုင်ကျေးရွာရှိ ဝပ်ခေါင်ခု စာသင်ကျောင်းအနီး အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၂၂ ရက်နေ့ သန်းခေါင်ယံ ၁၂ နာရီအချိန်တွင် အုပ်စုဖွဲ့ ထိုးကြိတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအမျိုးသားမှာမူ ဒဏ်ရာရရှိသွား သည်။

ယခုလို ထိုးကြိတ်ရသည့် အကြောင်းအရင်းမှာလည်း စမွတ်ဆာခန်ခရိုင်၊ မဟာချိုင်မြို့ခေါင်ခုပွဲတော်၌ စတိတ်ရှိုးစင်ရှေ့ ကခုန် နေစဉ် ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာတစ်ဦး၏ ခြေထောက်ကို တက်နင်းမိကြောင်း ထိုကိစ္စကိုမကျေနပ်၍ စတိတ်ရှိုးအပြီးတွင် ယခုလို ဝိုင်းဝန်းထိုးကြိတ်ခြင်း ဖြစ်သည်ဟု နယ်ခံသတင်းအရင်းအမြစ်များ ပြောသည်။

ထိုးကြိတ်ခံရသည့် ထိုင်းနိုင်ငံသားက သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ၁၆ ရက်ခန့်အကြာ ဇန်နဝါရီ ၇ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ မြန်မာအလုပ်သမား ၆ ဦးကို သက်သေနှင့်တကွ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

“မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံသားကို ထိုးကြိတ်ခဲ့တာဟာ လူငယ်သဘာဝ ရန်ဖြစ်ကြတာပါ။ စမွတ်ဆာခွန်ခရိုင်မှာ မြန်မာအလုပ်သမား မာဖီးယားဂိုဏ်းမရှိပါဘူး” ဟု စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူး နလစ် နိလာမိုင်ဝုံက သတင်းမီဒီယာများကို ရှင်းလင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် နိုင်ထက်ကျော် အသက် (၂၁) နှစ်၊ သက်ပိုင်ဖြိုး အသက် (၂၁) နှစ်၊ မင်းမင်းဇော် အသက် (၂၂) နှစ်၊ စိုင်သန်လူ အသက် (၁၉) နှစ်၊ သီဟထွန်းနှင့် ချိုဝင်းထွန်းတို့ (၆) ဦးကို ထိုင်းရဲ တပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှု၊ သူတစ်ပါးအား နာကျင်စေအောင် ဝိုင်းဝန်းထိုးကြိတ်မှု၊ တရားမဝင် (တုတ်/ဓါး) လက်နက် ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ကိုးကား- The pattayanews,