Home သတင်း မလေးနယ်စပ်တွင် ကလေးငယ် ၄ ဦးပါ မြန်မာ ၆ ဦးဖမ်းဆီးခံရ

မလေးနယ်စပ်တွင် ကလေးငယ် ၄ ဦးပါ မြန်မာ ၆ ဦးဖမ်းဆီးခံရ

772
Photo: The Star

ဇန်နဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မလေးရှာနိုင်ငံ၊ နယ်စပ်ဖြစ်သည့် ပစီးရားမက်စ်ခရိုင်၊ ကမ်ပေါင်ချနရိုင် အလာပစီးရာအရပ်ရှိ အိမ်တစ်လုံးကို မလေးစစ်တပ် တာဝန် ရှိသူများက ဇန်နဝါရီ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ တရားဝင်အထောက်အထားမရှိသည့် ကလေး ၄ ဦးပါ မြန်မာ ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှားအခြေစိုက် The Star သတင်းဌာနက သတင်းဖော်ပြထားသည်။

မလေးစစ်တပ်အာဏာပိုင်များ အနေဖြင့် နိုင်ငံတွင်းသို့ လူမှောင်ခိုကူးရန် ကြိုးပမ်းမှုများကို တားဆီးရန်အတွက် ရရှိထားသည့် သတင်းများအရ ယခုလို ရှာဖွေဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

“အိမ်တစ်လုံးကို စစ်ဆေးကြည့်တော့ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ လူ ၆ ဦးကို တွေ့ရှိခဲ့ပါတယ်။ ဘယ်သူမှ တရားဝင်ခရီးသွား လာခွင့် အထောက်အထား မပေးနိုင်ကြဖူး” ဟု စစ်တပ်တာဝန်ရှိသူ၏ ပြောစကားကို ကိုးကား၍ The Star သတင်း၌ ဖော်ပြထား သည်။

ထို့အပြင် အဆိုပါ အိမ်ပိုင်ရှင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကိုလည်း နိုင်ငံခြားသားများကို တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်ရန် ကူညီပေးသည့် မှောင်ခိုသမားဟု သံသယဖြင့် ဖမ်းဆီးထားသည်ဟု မလေးအာဏာပိုင်တို့က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် နေရာအများစုတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသလို စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်အများအပြား တရားမဝင်နည်းလမ်းဖြင့် နိုင်ငံအသီးသီး သို့ ထွက်ခွာမှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။