Home သတင်း ကျိုက်ထို ငှက်ပျောတောရွာတွင် လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ကျိုက်ထို ငှက်ပျောတောရွာတွင် လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

647
Photo: CJ

ဇန်နဝါရီ ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာတွင် ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး ကာ အခြားအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူနှင့်ဒေသခံတို့က ပြောသည်။

အဆိုပါ ငှက်ပျောတောရွာသို့ ကျိုက်ထိုမြို့အခြေစိုက် တပ်မ-၄၄ မှ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ၂ လုံးသည် ရွာအောက်ပိုင်းနေ ဒေါ်အေးချို နေအိမ်နှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် အိမ်ရှင် ဒေါ်အေးချို (၅၄) နှစ်သည် လက်နက်ကြီးကြောင့် ဝမ်းဗိုက်ပွင့် ဒဏ်ရာဖြင့် သေဆုံးသွားပြီး သမီးဖြစ်သူနှင့် အခြားအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ယခုလို ပြောသည်။

“ပစ်တာ လက်နက်ကြီး ၄ လုံးပဲ၊ ၂ လုံးက သူတို့အိမ်နဲ့ဘေးနားပတ်လည်မှာ ကျတာ။ ဒေါ်အေးချိုယောင်္ကျားက အိမ်အောက်ကနေပြီး လက်နက်ကြီးသံကြားတယ် အောက်ဆင်းခဲ့ကြလို့ ပြောနေတုန်း။ ဒေါ်အေးချိုတို့တွေ အိမ်ပေါ် ထမင်းထိုင်စားနေကြတဲ့အချိန်မှာ ကျတာပေါ့။ ဘာတိုက်ပွဲလှုပ်ရှားမှုမှမရှိဘဲ အသားလွတ်ပစ်ထည့်တယ်” ဟု ၎င်းက ပြောသည်။

Photo: CJ

ထိုသို့ ကျည်စထိမှန်ဒဏ်ရာရရှိသွားသည့် အခြား ရွာခံအမျိုးသမီး(၃)ဦးအနက် သေဆုံးသူ ဒေါ်အေးချို၏ သမီး ဖြစ်သူ အသက်(၁၅)နှစ်အရွယ် မယွန်းနဒီဦးသည် ခြေလက်နှင့်ကိုယ်ခန္ဓာတို့၌ ပြင်းထန်ဒဏ်ရာများ ရသွားသည် ဟု ကေအဲန်ယူ၊ ခရိုင်တာဝန်ရှိသူက ပြောသည်။

သထုံခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ နောက်ပိုင်း ကတည်းက စစ်ကောင်စီ ဘက်က စစ်ရေးလှုပ်ရှားမှုနှင့် ပြည်သူလူထုကိုပစ်မှတ်ထားသည့် ပစ်ခတ်မှုများ သိသိသာသာ လုပ်ဆောင်လာ သလို ယင်းတို့ကြောင့် ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်ရှိ အချို့ကျေးရွာမှ ဒေသခံများ နေရပ်စွန့်ခွာစစ်ရှောင်နေရ သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်အတွင်းက ဘီးလင်းမြို့နယ်၊ မဲပလီစခန်းဝန်းကျင်တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းသုံး ပစ်ခတ်မှုကြောင့် ဒေသခံများမှာ နီးစပ်ရာမြို့ပေါ်၊ ကျေးရွာများသို့ ယနေ့ထိ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်မှု ဖြစ်ပေါ်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူတို့က ပြောသည်။