Home သတင်း ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်များ ပိုမိုခက်ခဲလာကြောင်း စစ်ရှောင်ကူညီသူများပြော

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်များ ပိုမိုခက်ခဲလာကြောင်း စစ်ရှောင်ကူညီသူများပြော

707
Photo: CJ

ဇန်နဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းအတွင်းသို့ စစ်ဘေးရှောင်လာကြသူများ စစ်ရှောင်ကာလ ကြာမြင့်လာသည် နှင့်အမျှ နေထိုင် စားသောက်ရေးအတွက် ပိုမို ခက်ခဲလာကြသည်ဟု ၎င်း စစ်ရှောင်များကို ကူညီစောင့်ရှောင် ပေးနေသူများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)မှ နယ်မြေသိမ်း စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် စစ်ကောင်စီ နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် ဧရာဝတီတိုင်းနှင့် နီးစပ်သည့် ရခိုင်ပြည် နယ်တောင်ပိုင်း သံတွဲမြို့နယ်နှင့် ဂွမြို့နယ် မှ ဒေသခံအများစုသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လကစ၍ စစ်ကောင်စီ၏ ပိတ်ပင်တားဆီးမှုများကြားက အခက် အခဲမျိုးစုံဖြင့် ဝင်ရောက်လာခဲ့ကြသည်မှာ ၆ လနီးပါးကြာမြင့်ပြီးဖြစ်သည်။

အဆိုပါ ထွက်ပြေး တိမ်းရှောင်လာသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ လုံလုံ လောက်လောက်မရရှိကြသလို အချို့အကူအညီမရရှိ ကြသူများလည်းရှိနေသည်။ ၎င်းတို့သည် ပါလာသည့် ရွှေ၊ ငွေ များကို ထုခွဲရောင်းချကာ နေထိုင်စားသောက်နေကြရပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် နေထိုင် စားသောက်ရန် ပိုမို ခက်ခဲ လာကြကြောင်း အမည်မဖော်လိုသူ ရေကြည်မြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“ဒီမှာလည်းရှိတယ်။ တအားပိုက်ဆံတတ်နိုင်တဲ့သူတွေကြတော့ ရန်ကုန်တို့၊ ပုသိမ်တို့ တက်တာပေါ့။ အလယ် အလတ်သမားတွေကတော့ ဒီမှာ အလုပ်လုပ်ရင်းနေကြတာပေါ့။ တော်တော်လေးလည်း ခက်ခဲကြ တယ်။ ပါလာတာလေးတွေလည်းကုန် ဘာညာနဲ့။ ကျောင်းဆရာမတွေဆိုရင်တော့ သူတို့နေတဲ့ အနီးဆုံးကျောင်း တွေမှာ ထားပေးပြီး လစာတွေ ဘာတွေထုတ်ပေးတယ်။ ပင်စင်စားတွေဆို ပေးတယ် အဲ့သလောက်ပဲ။ ကျန်တာတော့ မရှိဘူး။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရခိုင်စစ်ဘေးရှောင်များသည် ကျောင်းကုန်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ပုသိမ်၊ ဟင်္သာတ၊ ကျုံပျော် နှင့် ညောင်တုန်း အစရှိသည့် မြို့များသို့ လာရောက်ထွက်ပြေးခိုလှုံနေသည်ဟု သိရသည်။ နယ်မြေခံ ဒေသခံများက ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကူညီစောင့်ရှောက်ထားကြသလို အချို့မှာ နေအိမ် ငှားရမ်းနေထိုင် ကြသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များကို ဒေသ အာဏာပိုင်များက လူသားချင်စာနာထောက်ထားမှု အကူအညီ အနည်း အကျဉ်းသာ ပေးအပ်လေ့ရှိသည်ဟု သိရသည်။ ထို့အပြင် အကူအညီပေးချင်းမျိုးထက် ဝင်ရောက်လာသူ စစ်ဘေး ရှောင်များကို သံသယဖြင့် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်နေသလို သွားလာမှုများကိုလည်း စောင့်ကြည့်ခံနေရ သည်ဟု ၎င်းတို့ကို အကူအညီ ပေးနေသူများက ဆိုသည်။

စစ်ရှောင်ကူညီပေးသူ ဒေသခံ ကရင်လူငယ်တစ်ဦးက “ သူတို့ကို သွားကူညီပေးတဲ့အချိန်တုန်းက ကျနော်မြင် ရတာက သူတို့က နယ်ခံမဟုတ်တော့ အိမ်ငှားနေကြရတယ်။ တချို့ဆို ရခိုင် အသုပ်ဆိုင်လေးတွေ ဖွင့်ရောင်းစား ကြတာလည်းရှိတယ်။ အများစုကတော့ အဲ့မှာ အလုပ်တွေ မရှိကြဘူး။ တော်တော်လေး ခက်ခဲတယ်။ ဌာန ဆိုင်ရာက လာလှူတာလည်း စစ်ရှောင်တွေပြောပြတာ မကြားရဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

၎င်းတို့ စစ်ဘေးရှောင်ရာ ဒေသများတွင် အလုပ်အကိုင် ရှားပါးမှုများရှိနေသလို ကုန်စျေးနှုန်း ကြီးမြင့်မှုများ ကြောင့်လည်း စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဆက်လက်နေထိုင် ရပ်တည်ရန် ခက်ခဲလာသည်ဟု သိရသည်။ ၎င်းတို့အတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရန်လည်း ဝိုင်းဝန်းကူညီ ပေးရန် လိုအပ်ကြောင်း ကျောင်းကုန်းမြို့နယ်မှ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကျနော့်ဆီမှာ အိမ်ထောင်စု ၃၀ ကျော်လက်ခံထားတယ်။ လူဦးရေအားဖြင့် ၁၀၀ ကျော်လောက်ရှိတာပေါ့။ ဒီမှာက အလုပ်ကလည်း ရှားတယ်။ သူတို့(စစ်ရှောင်) တွေရဲ့ ကလေး ပညာရေးအတွက်လည်း ခက်ခဲလာတယ်။ စားဖို့တောင် မနည်းရှာရတယ်။ ဟိုတလောက ကရင်လူငယ်တွေကို အကူအညီတောင်းလို့ လာလှူပေးတာတော့ ရှိတယ်။ ကျန်တာတော့ ဘာအကူအညီမှ မရှိဘူး။ ကူညီပေးနိုင်တဲ့သူတွေရှိရင်လည်း ဝိုင်းကူညီပေးကြပါအုံး” ဟု ကေအိုင်စီ သို့ ပြောသည်။

ရခိုင်စစ်ရှောင်များအနေဖြင့် ရပ်တည်ရေးခက်ခဲလာသည့်အတွက် အချို့မှာ ရန်ကုန်မြို့ပေါ်သို့ ပြောင်းရွှေ့ကာ မိသားစု စားဝတ်နေရေးအတွက် အလုပ်သွားရောက် လုပ်ကိုင်ကြသူများလည်း ရှိကြသည်။ ၎င်းရခိုင်ပြည်သူများကို စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်း၏ ခွဲခြားဆက်ဆံမှုနှင့် ဖယ်ကျဉ်ခံရမှုများလည်း ရှိနေကြောင်း ရခိုင် စစ် ရှောင်များက ဆိုသည်။

သို့သော် ယခုနှစ် ဇန်နဝါရီ၂၀ ရက်နေ့တွင် စစ်ကောင်စီက ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီများ စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထား သည်။

အလားတူ ဧရာဝတီတိုင်းအတွင်း ထွက်ပြေးခိုလှုံလာသည့် စစ်ဘေးရှောင်အချို့ကိုလည်း စစ်ကောင်စီ၏ လက် အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံဖမ်းဆီးသည့် သတင်းများလည်းထွက်ပေါ်နေသလို ဧရာဝတီ တိုင်းအတွင်းထိ တိုက်ပွဲများကူးစက်လာ၍ တိုက်ပွဲဖြစ်ဒေသမှ ထွက်ပြေးလာသူများကို စစ်ကောင်စီက တင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ အနေဖြင့် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွတ်ဆုံးရှုံး လိုက်ရပြီးနောက် လတ်တလောတွင် ရခိုင်ပြည်နယ်အပြင် ဧရာဝတီတိုင်းအတွင်းထိ စစ်ရေး ဖော်ဆောင်လာခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းအပြင် အင်ဂျင်တပ် လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများဖြင့် ပြန်လည် တုံ့ပြန်တိုက်ခိုက်ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

ယခုလ ၁၇ ရက်နေ့ကစပြီး ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိ ကျေးရွာ တွင် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများ ကြောင့် ဒေသခံ ကျေးရွာသားများ၏ နေအိမ်များ မီးလောက်ပျက်စီးခဲ့သလို သောင်းနှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရသည်။