Home သတင်း ဝေါလေဒေသ၊ ကနဲလေးထ စစ်ရှောင်စခန်းမှ စစ်ရှောင်များ ၃ နှစ်ကျော်ကြာအထိ နေရပ်မပြန်နိုင်သေး

ဝေါလေဒေသ၊ ကနဲလေးထ စစ်ရှောင်စခန်းမှ စစ်ရှောင်များ ၃ နှစ်ကျော်ကြာအထိ နေရပ်မပြန်နိုင်သေး

832

ဇန်နဝါရီ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ ပြည်တွင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ၃ နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ကနဲလေးထသို့ စစ်ရှောင်ခဲ့ရခြင်းဖြစ်သည်။ ယခု ၃ နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးလို ရေရှည်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်လျက်ရှိနေသည်ဟု ကနဲလေးကျေးရွာ ကရင်အမျိုးသမီး အစည်းအရုံး (KWO)မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“စစ်ဘေးရှောင်နေရတာ သုံးနှစ်ကျော်ရှိလာပြီး။ အခုချိန်ထိနေရပ် မပြန်နိုင်သေးဘူး။ နောက်ပြီးတော့ စစ်ဘေး ရှောင် နေရသူတွေအတွက် လိုအပ်ချက်တွေရှိလာတယ်။ အခုဆိုရင် အကူညီအထောက်အပံ့တွေ မရတာဆိုရင် တစ်လ ကျော်ပြီးပေါ့နော်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေ အပေါ်ကိုလည်းနိုင်ငံတကာ အလျင်အမြန်အရေးယူပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိ ကနဲလေးထစစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်များအမျိုးသမီးများအတွက် ဆေးဝါးလိုအပ်ချက်များရှိသလို စစ်ရှောင်များထဲမှ ရောဂါပြင်းထန်နေသူများကို ဆေးဝါးမလုံလောက်၍ နယ်စပ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနိုင်ရန် လုပ်ဆောင်ပေးနေရခြင်းများလည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဘက်မှ ကနဲလေးထရွာအနီးသို့ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ လုပ်ဆောင်နေ သည့်အတွက် စစ်ဘေးရှောင်ဒေသခံများအနေဖြင့် လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးကြောင်း ကနဲလေးထ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

စစ်ရှောင်တစ်ဦးက “စစ်တပ်က လက်နက်ကြီးပစ်ခတ်နေတာတွေ ရှိနေတုန်းပဲဆိုတော့ နေရပ်မပြန်ရဲသေးဘူး။ နောက်ပြီး တော့အမျိုးသားတွေကို ပေါ်တာဆွဲတာတွေလည်း ရှိနေသေးတယ်။ ပြီးတော့ ဆေးဝါး အလုံအလောက်မရှိတော့ တုပ်ကွေးဖြစ်မှာတွေ၊ ဝမ်းလျောရောဂါ ဖြစ်လာမှာတွေကိုတော့ ကြောက်နေရတာပေါ့” ဟု ပြောသည်။

ကနဲလေးထစစ်ရှောင်စခန်းတွင် သန့်ရှင်းသော သောက်သုံးရေ မရှိသဖြင့် ဝမ်းပျက်ဝမ်း လျှောရောဂါအဖြစ်များနေပြီး ရေသန့်လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင်နေသူများထံမှ သိရသည်။ လက်ရှိ စစ်ဘေးရှောင်များအနေဖြင့် လတ်တလော စားဝတ်နေရေး အကျပ်အတည်းများကို ဖြေရှင်းရန် နေ့စားအလုပ် ထွက်လုပ်ခြင်း၊ ခြံအငှားစိုက်ခြင်း၊ ပြောင်းစိုက်ခြင်းနှင့် မျှစ်ချိုးခြင်းစသည့် ကြုံရာအလုပ်များ လုပ်ကိုင်နေကြသည်ဟု စခန်းတွင်း နေထိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။