Home ဆောင်းပါး ထိုင်းမြန်မာနယ်စပ်က “ကျားဖြန့်”တို့ ကံကြမ္မာ ဘယ်လဲ

ထိုင်းမြန်မာနယ်စပ်က “ကျားဖြန့်”တို့ ကံကြမ္မာ ဘယ်လဲ

415

ထိုင်းမြန်မာနယ်စပ်က “ကျားဖြန့်”တို့ ကံကြမ္မာ ဘယ်လဲ

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)

အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ – ထိုင်းနယ်စပ်၊ မြဝတီ – မဲဆောက်ကို အခြေပြု နေတဲ့ “ကျားဖြန့်ကိစ္စ”တွေနဲ့ စပ်လျဉ်းပြီး စိုးရိမ်မှုနဲ့ စဉ်းစားမိတာတွေကို တင်ပြပါရစေ။

ဖြစ်ရပ်တစ်ခု၊ သတင်းတစ်ခုပေါ်လာတာနဲ့ အဲဒီဖြစ်ရပ်ကို နှီးနွယ်ပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုသလို မွမ်းမံ ခြယ်သ ပုံဖော်ထားတဲ့ နောက်ဆက်တွဲတွေ “သတင်း” ဆိုတာတွေ အလွန်အကျွံ ဖောင်းပွနေတာပါ။ အထူးသဖြင့် ပလူပျံသလို ဖြစ်နေတာက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ဖြစ်ပါတယ်။

ပေါ်လာတဲ့ သတင်းတွေရဲ့ ရည်ရွယ်ချက်တွေကို ဆန်းစစ်လိုက်ရင် ထိုင်းနိုင်ငံစီးပွားရေး(ခရီးသွားလုပ်ငန်း)အ တွက် စိုးရိမ်နေတာ၊ ကျားဖြန့်သားကောင်အဖြစ် ကျရောက်နေရတဲ့သူတွေအတွက် စိုးရိမ်နေတာ၊ ပုံမှန် ကူးသန်းသွား လာနေတဲ့ ထိုင်းမြန်မာကုန်သွယ်မှုကို ထိခိုက်လာမှာကို စိုးရိမ်နေတာ၊ ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိ အခြေချနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ရေးအတွက် စိုးရိမ်နေတာ၊ ဖြစ်လာနိုင်စရာရှိတဲ့ ကျားဖြန့်နှိမ် နင်းရေးစစ်ဆင်ရေးကြောင့် စစ်ပြေးဒုက္ခသည်အရေအတွက် နယ်စပ်မှာ ပိုမိုများပြားလာမှာကိုစိုးနေတာ စသဖြင့် စိုးရိမ် မှုအထွေထွေကိုလည်း တွေ့ရမှာပါ။

ထို့အတူ အတိုင်းအတာအမျိုးမျိုးနဲ့ အပြန်အလှန် လက်ညှိုးထိုး အပြစ်ပုံချနေတာတွေ၊ သွေးထိုးရန်တိုက်ပေး နေတာတွေကိုလည်း အဲဒီ“သတင်း”ဆိုတာတွေထဲမှာ တွေ့နိုင်ပါတယ်။ တစ်ဆက်ထဲမှာ ထိုင်းနိုင်ငံရဲ့ အကျင့်ပျက် လာဘ်စားမှု၊ (စကစ)စစ်အုပ်စုရဲ့ အကျင့်ပျက်လာဘ်စားမှု၊ DKBA – BGF/KNA အစရှိတဲ့ “ကရင်”နာမည်ပါတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ထိပ်ပိုင်းမိသားစုဝင်များက ဖြန့်ခွဲချုပ်ကိုင်ထားတဲ့ ဥစ္စာဓနပိုင်ဆိုင်မှုတွေကိုလည်း ဇာတ်လမ်း ဇာတ်ကွက်မျိုးစုံနဲ့ ဖွင့်ထုတ်ဖော်ပြနေပါတယ်။

ဒီ “ကျားဖြန့်” ဆိုတဲ့ လောင်းကစားရုံကြီးတွေဟာ မြန်မာထိုင်းနယ်စပ်တစ်လျှောက်မှာ ပုန်းလျှိုးကွယ်လျှိုး မဟုတ်ပါဘူး။ မနေ့တနေ့ကမှ ရုတ်တရက် ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ DKBA – BGF/KNA တို့ရဲ့ အစွမ်းအ စလောက်နဲ့ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်တယ်ဆိုတာလိုပဲ မြန်မာ၊ထိုင်း နိုင်ငံတို့ရဲ့ အကျင့်ပျက်လာဘ်စားမှုတွေ အတိုင်းအတာကြီးကြီးမားမားနဲ့ ပတ်သက်ဆက်နွယ်နေတာကိုမြင်နိုင်ပါတယ်။

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းကြတော့မယ်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မြန်မာ၊ ထိုင်း၊ တရုတ်တို့ အဓိကပါဝင်ဖြေရှင်းကြရမှာပါ။ ကိုင်တွယ်ရမယ့် ပစ်မှတ်အနေနဲ့ဆိုရင် DKBA – BGF/KNAတို့ကို အဓိက ထိန်းချုပ်ကြရ မှာပါ။ လောင်းကစားရုံတွေလို့ အများစုကသိရှိနားလည်ထားကြတဲ့ အဆောက်အအုံတွေဟာ DKBA- BGF/KNA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ တည်ရှိနေတာပါ။

ပြီးတော့ ဒီကိစ္စက ရှေ့မှာ နမူနာရှိပြီးသားပါ။ မြန်မာပြည် အရှေ့မြောက်ဘက်က မြန်မာတရုတ်နယ်စပ်မှာ “ကျားဖြန့်ကိစ္စ”ကို ကိုင်တွယ်လိုက်တာဟာ (စကစ)စစ်အုပ်စုရဲ့(ရမခ)စစ်တိုင်းကြီး၊ မြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ် ပေါက်ဝတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းပေါ်က အထင်ကရ မြို့တွေ၊ ရွာ တွေ၊ စစ်အခြေစိုက်စခန်းတွေဟာ (စကစ)စစ်အုပ်စု ဆန့်ကျင်ရေးအုပ်စုအသီးသီးရဲ့ ထိန်းချုပ်မှုအောက်ကို မရှုမလှ ကျရောက်သွားပါတယ်။

(စကစ)စစ်အုပ်စုအနေနဲ့ သူတို့ခန့်အပ်ထားတဲ့ ကိုးကန့်ဒေသအုပ်ချုပ်ရေးထဲက ကွင်းဆက်ကျတဲ့ ခေါင်း ဆောင်တချို့နဲ့ မိသားစုဝင်တွေကို ကျားဖြန့်ကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်နေမှုတွေကြောင့် ဖမ်းဆီးပြီး တရုတ်အစိုးရလက် ထဲ လွှဲအပ်ပေးလိုက်ရပါတယ်။ တချို့က သူ့ကိုယ်သူ သတ်သေသွားပါတယ်။ အဲဒီလို ဖမ်းဆီးပို့ဆောင်ပေးလိုက်ရတဲ့ သို့တည်းမဟုတ် တရုတ်အစိုးရက လက်ရဖမ်းဆီးထားတဲ့သူတွေကို အခုအခါမှာ တရုတ်အစိုးရက ရုံးတင်တရားစွဲနေပြီ လို့လည်း သိထားရပါတယ်။

ထိုင်းမြန်မာနယ်စပ်နဲ့ တရုတ်မြန်မာနယ်စပ် အခြေအနေချင်း၊ ပါဝင်ပတ်သက်နေမှုတွေချင်း၊ ပါဝင်ပတ်သက် နေသူတွေ အဖွဲ့အစည်းတွေရဲ့နောက်ခံ အကြောင်းအချက်တွေချင်း မတူညီပါဘူး။ ဒါကြောင့် ဖြေရှင်းပုံ ဖြေရှင်းနည်း ဟာ တစ်ပုံစံထဲတော့ ဖြစ်လာစရာ မရှိနိုင်ပါဘူး။ တရုတ်အစိုးရဟာ တရုတ်မြန်မာနယ်စပ်က အဖွဲ့အစည်းတွေအပေါ် မှာ အတိုင်းအတာတစ်ခုအထိ ဩဇာညောင်းတာတော့ သိသာထင်ရှားပါတယ်။ (စကစ)စစ်အုပ်စုကိုယ်တိုင်လည်း လွန်ဆန်နိုင်ပုံ မရပါဘူး။ တရုတ်ဘက်က နာမည်နဲ့တကွ ဝရမ်းထုတ်ပြီး တောင်းတာဖြစ်ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ(ဟောင်း)၊၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကိုးကန့်မဲဆန္ဒနယ်အမှတ်(၂)ကနေ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံခဲ့ရဖူးတဲ့ ကြံ့ဖွံ့ပါတီဝင် “ပယ်စောက်ချိန်”ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးရသလို ထိုင်းမြန်မာနယ်စပ်က (စကစ)စစ်အုပ်စုရဲ့ BGF “ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးစောချစ်သူ”ကို လွှဲပေးဖို့ (စကစ)စစ်အုပ်စုအတွက် လွယ်ကူနိုင်ပါ့မလား။ ဒါကတော့ (စကစ)စစ်အုပ်စုအ တွက် မသေးလှတဲ့ စိန်ခေါ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။

ထိုင်းအစိုးရနဲ့ တရုတ်အစိုးရ နှစ်နိုင်ငံဆက်ဆံရေးကို ကြည့်မယ်ဆိုရင်လည်း ထိုင်းအစိုးရဟာ ထိုင်းအကျိုးစီး ပွားရှုထောင့်ကိုပဲ အဓိက အလေးထားကြည့်မှာပါ။ နမူနာအားဖြင့် ကျားဖြန့်တွေဆီမှာ အဖမ်းခံထားရဲ့တရုတ်သရုပ် ဆောင်ကို ကယ်ထုတ်သွားပုံဟာ ဘယ်လောက် အကွက်စေ့ပါသလဲ။ နယ်စပ်မျဉ်း ဟိုဘက်ဒီဘက်မှာ သူတို့ အတိုင်းအ တာတစ်ခုအထိ မီးသေတာကို မြင်လိုက်ကြရပါတယ်။ မလိုအပ်တဲ့ အနည်တွေ၊ အမှုန်တွေ မထစေဘဲ လိုချင်တဲ့ ရေတစ်ခွက်ပဲ ခပ်ပြသွားတယ် မဟုတ်ပါလား။

မူးယစ်ဆေးဝါးပြဿနာပဲဖြစ်ဖြစ်၊ မှောင်ခိုစီးပွားရေးပဲဖြစ်ဖြစ်၊ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်း လောင်းကစား (ကျားဖြန့်)ပဲဖြစ်ဖြစ် အုပ်စိုးသူစစ်အုပ်စုအဆက်ဆက်နဲ့ ထဲထဲဝင်ဝင် ဆက်စပ်နေတာပါ။ ထိုနည်းတူ ပါပဲ “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” ဆိုသလို ရှိတတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ပတ်သက် ဆက်စပ်နေတတ်တဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားကြရမှာပါ။

ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပြဿနာကြီးဟာ ကျနော်တို့ကို တကွေ့မဟုတ်တကွေ့မှာ “မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား” စတဲ့ မူမမှန်တဲ့လုပ်ငန်းတွေနဲ့ နီးစပ်ဆက်စပ်မိတတ်စမြဲပါ။ ထို့အပြင် ဆင်းရဲမွဲတေမှု၊ ပညာရေးနဲ့ စာရိတ္တနိမ့်ကျမှုတွေကလည်း “မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား” ဆိုတဲ့ နွံထဲ ကျနော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေဟာ မရှောင်နိုင်၊ မတိမ်းနိုင်ဘဲ တိုးဝင်နစ်ကျွံမိတတ်စေတယ် မဟုတ် ပါလား။

ဒါ့အပြင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အတွင်းပိုင်းထဲက ဂိုဏ်းကွဲမှုအမျိုးမျိုးကနေ ပေါက်ကွဲပေါ် ထွက်လာတဲ့ ပဲ့ထွက်/ခွဲထွက်သွားတဲ့ အစုအဖွဲ့တွေဟာ အဓိကဘုံရန်သူစစ်အုပ်စုနဲ့ ပေါင်းဖက်သွားကြပါတယ်။ စစ်အုပ် စုကလည်း ခါးပိုက်ဆောင်တပ်သဖွယ် နေရာပေးထားပြီး မွေးမြူထားပါတယ်။ ကနဦးအစမှာတော့ ဘာသာရေးတွေ၊ ဒီမိုကရေစီအရေးတွေ၊ လူမျိုးရေးတွေ ဗန်းပြခဲ့ကြတာပါပဲ။ နောက်ဆုံးမှာတော့ မူလက ကျန်ကောင်းကျန်ရာ ကပ်ကပ် သပ်သပ် ကျန်နေသေးတဲ့ ရှိစုမဲ့စုဟန်ပြ “နိုင်ငံရေး – လူမျိုးရေးဦးတည်ချက်”ဆိုတာတွေဟာ ဖြူခါ ပြာခါကျပြီး ပျောက် ဆုံးသွားပါတော့တယ်။ တကယ့်ဘဝလက်တွေ့မှာတော့ “အမျိုးသားရေးအမည်ခံထားတဲ့ လက်နက်ကိုင် ဒုစရိုက်ဂိုဏ်း အဖြစ်သို့” တဖြည်းဖြည်းနဲ့ သက်ဆင်းကျရောက်သွားရပါတော့တယ်။

မဟာဗမာလူမျိုးကြီးရန်သူလို့ဆိုတဲ့ အုပ်စိုးသူအဆက်ဆက်ကို ခုခံတော်လှန်ကြရင်း (မိမိတို့အချင်းချင်းအ ကြားမှာ နိုင်ငံရေး – ဘာသာရေး – လူမျိုးရေး – ဂိုဏ်းအုပ်စုအကျိုးစီးပွား အကြောင်းခံတစ်ခုခုကို အကြောင်းပြုပြီး ကွဲ အက်ရာကနေ ခွဲထွက်ကြပြီး သို့တည်းမဟုတ် သပ်လျှိုဖြိုခွဲတာ ခံရပြီး) ရန်သူ/အုပ်စိုးသူ(စကစ)စစ်အုပ်စုနဲ့ ပေါင်းဖက် သွားကြသူတွေဟာ စစ်အုပ်စုက ဓားစားခံအဖြစ် အချိန်မရွေး ထိုးကျွေးတာခံရနိုင်တဲ့ ဒုစရိုက်သားကောင်ဘဝသို့ တစ တစ သက်ဆင်းကျရောက်သွားရတဲ့အဖြစ်ဟာ ဘယ်လောက်များ နာကျည်းခံပြင်းစရာ ကောင်းလိုက်ပါသလဲ။ ဒါတွေကို မနာကျည်းတတ်ဘူး။ နာကျည်းရကောင်းမှန်း မသိဘူးဆိုရင်တော့ အင်မတန် နုံနဲ့တဲ့ မိုက်မဲမှုနဲ့ ညံ့ဖျင်းမှုပါပဲ။

ယူတတ်မယ်ဆိုရင် “ဘိန်းဘုရင်ခွန်ဆာ”ဆီက – “ပယ်စောက်ချိန်” တို့ဆီက ပူပူနွေးနွေး သင်ခန်းစာတွေရယူ နိုင်ပါတယ်။ “ခွန်ဆာ’ဟာ တချိန်ကဆို လျှမ်းလျှမ်းတောက်ပါ။ ဗိုလ်နေဝင်းစစ်အုပ်စုကမွေးထားတဲ့ ကာကွယ်ရေး ခေါင်းဆောင်ပါ။ နောက်တော့ “ဘိန်းဘုရင်”၊ အဲဒီနောက် သူ့ကိုယ်သူ “ရှမ်းသမ္မတ”လို့တောင် ကြေညာခဲ့တယ် မဟုတ် လား။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အသုံးတော်ခံခဲ့ပြီး နောက်ဆုံးတော့ (နဝတ-နအဖ)စစ်အုပ်စုက စီစဉ်ပေးတဲ့ “လွတ် – ငြိမ်း – ချမ်းသာခွင့်”နဲ့ ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားတယ် မဟုတ်လား။ ခွန်ဆာကို အမေရိကန်က တောင်းပေမယ့် စစ်အုပ်စုက မပေးပါဘူး။ တရုတ်ကတော့ သူနဲ့မဆိုင်လို့ မတောင်းဘူး ထင်ပါတယ်။ “ပယ်စောက်ချိန် တို့အုပ်စု” ကတော့ ခွန်ဆာလို စစ်အုပ်စုဆီကနေ “အခွင့်ထူး” မရကြပါဘူး။ ခေတ်ချင်း မတူတာကြောင့်လား အဖြစ် ချင်း မတူတာကြောင့်လား – ဗိုလ်အောင်မင်းပြောဖူးတဲ့စကားလို “တရုတ်ကြောက်ရလို့လား” မသိပါဘူး။

ဒီပြဿနာဟာ အဖွဲ့အစည်းအရ “DKBA-BGF/KNA” ဖြစ်တယ်၊ လူပုဂ္ဂိုလ်အရ “စောချစ်သူ” ဖြစ်တယ်လို့ အပေါ်ယံလောက်ပဲ ကြည့်မြင်ပြီးဖြေရှင်းလို့ မဖြစ်ပါဘူး။ ဒီပြဿနာစီးဆင်းလာတဲ့ မူလဇစ်မြစ်ဟာ ရှည်ကြာလွန်းလှ တဲ့ပြည်တွင်းစစ်ကြီးဖြစ်တယ်။ ဒီပြဿနာတွေ (မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား စတဲ့) ဟာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးရဲ့ တိုက်ရိုက်ဆင့်ပွားပြဿနာတွေလည်းဖြစ်တယ်လို့ လေးလေးနက်နက် သဘော ထားပြီး ရှုမြင်ကြရမှာပါ။ ဘက်စုံကနေ ဖြေရှင်းကြရမှာပါ။

ဒါကြောင့် ရှည်ကြာလှပြီဖြစ်တဲ့ ပြည်တွင်းစစ်ပြဿနာကြီးကို အခြေခံကျကျ မဖြေရှင်းနိုင်ဘဲ ပြည်တွင်းစစ် ကြီးရဲ့ ဘေးထွက်ဆင့်ပွား ပြဿနာဆိုးတွေဖြစ်တဲ့ “မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား” စတဲ့ ပြဿနာတွေကို ပြီးပြတ်သွားအောင် ကျနော်တို့ ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အိတ်ပေါက်နဲ့ ဖားကောက် သလိုလို တဝဲလည်လည် ဖြစ်နေမှာပါ။

ကိုယ်ခံအား ချိနဲ့နေသူ၊ အာဟာရချို့တဲ့နေသူကို ပြင်ပကနေ ရောဂါဘယမျိုးစုံ ကူးစက်ဖို့ လွယ်ကူသလိုပါပဲ ပြည်တွင်းစစ်ကြီးရှည်ကြာလွန်းတဲ့၊ စီးပွားရေး – ပညာရေးနိမ့်ကျလွန်းတဲ့ ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူတွေထံ ဆိုးသွမ်းညစ်ပတ်တဲ့၊ နိုင်ငံရေးအရ၊ လူမျိုးအရ ဂုဏ်သိက္ခာကျဆင်းကင်းမဲ့စေတဲ့ ပြဿနာမျိုးစုံအလွယ်တကူ ပူးကပ် ဝင်ရောက်လာဖို့ တံခါးဖွင့်ပြီး လက်ယပ်ခေါ်နေသလို ဖြစ်နေပါတယ်။

နောက်ဆုံးတော့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရမယ်၊ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖျက်သိမ်းပစ်ရမယ် ဆိုတဲ့နေရာမှာ ကျနော့်အတွေးဟာ အဆုံးသတ်သွားပါတယ်။

“စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်အစိုးရဆိုတဲ့ (စစ် ၃စစ်)နဲ့ ၂၀၀၈ အခြေခံဥပဒေ အပါအဝင် “မူးယစ်ဆေး ဝါး – မှောင်ခိုစီးပွားရေး – အွန်လိုင်းလောင်းကစားအထိ ဒုစရိုက်မျိုးစုံ”ဟာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးထဲကနေ ပေါက်ဖွားလာနေတာပဲ ဖြစ်ပါတယ်။