Home သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရ

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရ

500
Photo: KNU (Palaw ဒေသခံပုံဟောင်း)

ဇန်နဝါရီလ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပါဒစက်တော်ရာဘုရားအနီးတွင် ဖြစ်ပွားလျက်ရှိနေသည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိ နေသောကြောင့် အနီးရှိဒေသခံ(၁၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် ကူညီသူများနှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားအနီးရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် ဇန်နဝါရီလ (၉)ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ မှ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အခြေအနေနှင့်ပတ်သက်၍ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။

“ဒေသခံအများစုကတော့ နီးစပ်တဲ့နေရာတွေ တောတောင်တွေထဲမှာ လက်ရှိရှောင်နေရတယ်။ စစ်ဘေးရှောင်စခန်းကလည်း ဒီဘက်တွေမှာ အတည်တကျတည်ဆောက်ထားတာမရှိတဲ့အတွက် ဖြစ်သလိုရှောင်နေရတယ်။ အနီးက ရှိသမျှရွာတွေအကုန်လာရှောင်ကြတာဆိုတော့ နေရာအခက်အခဲတွေရှိတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် နေရာထိုင်ခင်း အခက်အခဲများအပြင် စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ဒေသခံများ ၏ နေအိမ်များနှင့် ရာဘာခြံများကို မီးရှို့ဖျက်ဆီး ခဲ့သောကြောင့် နေရပ်ပြန်ပါက လုပ်ကိုင်စားသောက်ရန် အခက်အခဲများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

၎င်းက “ရာဘာခြံအများစုမီးရှို့လိုက်တော့ လုပ်စားဖို့အတွက် အခက်အခဲရှိလာတယ်။ နေရပ်ပြန်ဖြစ် ရင်တောင်။ အရင်ကဆို တိုက်ပွဲငြိမ်ရင်ကိုယ့်အလုပ်လေးပြန်လုပ်လိုက် စစ်ဘေးရှောင်လိုက် လုပ်လို့ရတယ်။ အခုကျတော့ လုပ်စရာအလုပ်မရှိတော့ဘူး။”ဟု ပြောဆိုသည်။

ထို့အပြင် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှလည်း ကျေးရွာနှစ်ရွာနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၏ နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ (၆၈၀၀၀) ကျော်အထိ ရှိလာသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။