ဇန်နဝါရီ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင့်အသိုင်းအဝိုင်း၌ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ရိုးရာ၊ ယဉ်ကျေးမှုနှင့် လူမှုရေးတို့တွင် အသွင်စုံဖြင့် ထင်ရှားသူ ပါမောက္ခ ဒေါက်တာဆိုင်မွန်သာသည် ဇန်နဝါရီ ၁၈ ရက်နေ့၊ ညပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ မေရီလန်း ပြည်နယ်၌ ကွယ်လွန်သွားသည်ဟု ကရင်ပြည်သူ့ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ မန်းသန်းဝင်းဦးက ပြောသည်။
ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဆိုင်မွန်သာသည် ကွယ်လွန်ချိန်၌ ကရင်ပြည်သူ့ပါတီ (KPP)၏ နာယက တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသလို အင်းစိန်မြို့နယ်ရှိ ကွယ်ကဘော အထွေထွေရောဂါကု ပုဂ္ဂလိက ဆေးရုံအုပ်အနေဖြင့် လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်သည်။
“ဆရာက ကျနော်တို့ရဲ့ KPP မှာ နဂိုက အတွင်းရေးမှူးပေါ့နော်။ အခုကရင်ပြည်သူ့ပါတီကို ပြန်ဖွဲ့စည်းတဲ့အခါမှာ တစ်နိုင်ငံလုံး စည်းရုံးမဲ့ ပါတီအနေနဲ့ မဖွဲ့နိုင်တော့ ဧရာဝတီတိုင်းကို အခြေပြုပြီး ဖွဲ့တဲ့အခါ ဆရာ့ကို နာယကလို ပြန်ထားတာပေါ့နော်။ အဲ့ဒီတော့ ဆရာတို့က ကရင်ပြည်သူ့ ပါတီတည်ထောင်ခဲ့သူတွေထဲက တစ်ဦး အပါအဝင်ဖြစ်ပါတယ်” ဟု မန်းသန်းဝင်းဦးက ပြောသည်။
သူသည် ၁၉၉၀ ရွေးကောက်ပွဲကာလ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ကရက်ပါတီ တည်ထောင်ချိန်တွင် ပါဝင်ခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းဖြစ်နေသည့်အတွက် ရွေးကောက်ပွဲ မဝင်ခဲ့ဟု နီးစပ်သူများက ပြောသည်။
ထို့နောက် ယခင် စစ်အစိုးရဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) လက်ထက် ၂၀၀၂-၂၀၀၃ က ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးနှင့် နအဖ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာ စေရန် အကျိုးဆောင်ပေးခဲ့သူ တစ်ဦးလည်းဖြစ်သလို ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) ခေါင်းဆောင်များနှင့်လည်း ရင်းနှီးသူတစ်ဦး ဖြစ်သည်။
ထို့အပြင် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ ကျင်းပခဲ့သည့် အမျိုးသားညီလာခံတွင် ဆေးပညာပါမောက္ခ တစ်ဦး ဖြစ်သည့်အတွက် တက်သိပညာရှင် အစုအဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသည်။ ထိုသို့ ပါဝင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ်အတွက် လူမှုထူးချွန်ဆု (ပထမ အဆင့်) ဆုကို စစ်ကောင်စီက ချီးမြှင့်ခဲ့သည်။
“ငြိမ်းချမ်းရေးအတွက်မှာလည်း သူအများကြီးပဲဆောင်ရွက်ခဲ့တာတွေ ရှိတော့၊ ဒီကနေ့ အရမ်းလိုအပ်နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာလည်း အားယုတ်သွားတာဖြစ်တယ်။ ကျနော်တို့ စာပေယဥ်ကျေးမှု အပိုင်းကိုလည်း အများကြီး ပံ့ပိုးပေးခဲ့တယ်။ အဲ့ဒီတော့ ကျနော်တို့ ညာလက်မောင်းပြုတ်သလိုပဲ ခံစားရတယ်” ဟု မန်းသန်းဝင်းဦး က ပြောသည်။
သို့သော် ယခင်ကေအဲန်ယူ၊ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် နအဖတို့ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ နအဖအတွက် ငြိမ်းချမ်းရေး အကျိုးဆောင်ပေးမှုအပေါ် ၎င်းကို အမြင်ကွဲလွဲမှုများလည်း ထိုအချိန်က ထွက်ပေါ်ခဲ့ဖူးသည်။ ဒေါက်တာ ဆိုင်မွန်သာသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ရချိန်၌ KPP ကို ဦးဆောင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဧရာဝတီ တိုင်း ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးဝန်ကြီး နေရာအတွက် ဝင်ပြိုင်ခဲ့သည်။
ထိုရွေးကောက်ပွဲ၌ ကနဦး မဲရလဒ်အရ အနိုင်ရနေသော်လည်း ကြိုတင်မဲများကြောင့် ကြံ့ခိုင်ရေးပါတီ အမတ်ကို မဲရလဒ် အနည်းငယ်ဖြင့် ရှုံးသွားသည်ဟု ထိုစဉ် က KPP အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရ သိရသည်။
ထို့အပြင် သူသည် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာန ပါမောက္ခ၊ ဌာနမှူး အဖြစ် အရှေ့တောင်အာရှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အသင်းတွင် မြန်မာကိုယ်စားလှယ်၊ အမေရိကန်ဇီဝဆိုင်ရာ အဖွဲ့အစည်းမှ ဆေးဘက်ဆိုင်ရာ ဦးဆောင်မှု ထူးချွန်ဆုတို့ ချီးမြှင့်ခြင်းခံခဲ့ရဖူးသည်ဟုလည်း ဆေးပညာအသိုင်းအဝိုင်းက ဆိုသည်။
ယခုလို ဆေးပညာရပ်၌ ထူးချွန်သည့်အတွက် နိုင်ငံတကာတွင် လုပ်ခများစွာဖြင့် လာရောက်လုပ်ကိုင်ရန် ကမ်းလှမ်းခံရသော်လည်း သူ့အားပညာသင်ပေးသည့် နိုင်ငံတွင်သာ ပင်စင်စားချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်ဟု သူ့မိသားစုနှင့် ရင်းနှီးသူမိတ်ဆွေတစ်ဦးက ယခုလို ပြောသည်။
“ဆရာက ကရင်လူမျိုးအနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်နှစ်ခုရှိတယ်လို့ သူအမြဲတမ်းပြောတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားအတွက်တာဝန်ရှိသလို ကိုယ့်ကရင်အမျိုးသားအတွက်လည်း အမြဲတာဝန်ရှိတယ်။ သူပြောသလိုပဲ သူ့ရဲ့ဝန်ထမ်းဘဝကို ပင်စင်စားတဲ့အထိ မြန်မာနိုင်ငံမှာပဲ တာဝန်ထမ်းဆောင်ခဲ့တယ်” သူ့ မိတ်ဆွေတစ်ဦးက ပြောသည်။
ဒေါက်တာ ဆိုင်မွန်သာ၏ လူမှုရေးလုပ်ဆောင်ခဲ့မှုများကို ပြန်ကြည့်မည်ဆိုလျှင် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၌ ဦးဆောင်သူ အဖြစ် ၁၃ နှစ်ကြာ တာဝန်ယူခဲ့သည်။ ထိုအတောအတွင်း၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ မိုဘိုင်းအဖွဲ့ဖြင့်ဆေးကုသပေးခဲ့မှုများမှာ ထင်ရှားသည်။
ယင်းသို့ နှစ် ၃၀ ကျော်ကြာ ကရင်ပါတီနိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် နယ်ပယ်တို့၌ ထင်ရှားပြီး ဆေးပညာရပ် နယ်ပယ်တွင်လည်း ပါမောက္ခတစ်ဦး ဖြစ်သူ ဒေါက်တာဆိုင်မွန်သာ၊ အသက် (၈၃) နှစ်သည် အမေရိကန် ပြည်ထောင်စု၌ သွားရောက်နေထိုင်စဉ် ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကွယ်လွန် (ခရစ်တော်၌ အိပ်ပျော်ခြင်း) သွားပြီဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါက်တာနော်ရေဘက်ကာထင်နှင့် သမီး ၂ ဦး သား ၁ဦး တို့ကျန်ရစ်ခဲ့ပြီး မိသားစုဝင်များက အမေရိကန် ပြည်ထောင်စုတွင် နာရေးပြုလုပ်သွားမည်ဟု KPP က ပြောသည်။
ဒေါက်တာ ဆိုင်မွန်သာသည် ကရင်လူမျိုးတို့ကို အလွန် ချစ်မြတ်နိုးသော်လည်း သူ၏ နိုင်ငံရေး ရပ်တည်ချက်များအပေါ် ကရင် ပြည်သူတို့၏ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် မရ ဖြစ်ခဲ့သည်ဟု ကရင်တက်သိပညာရှင် တစ်ဦးဖြစ်သူ ဆရာစောကပီက မှတ်ချက်ပြုသည်။



















