ဇန်နဝါရီ ၁၄ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲရမတ်မြို့နယ်၊ ဘန်ဝမ်ဖာကျေးရွာ၌ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး ကာလဝမ်းရောဂါ ကူးစက်ခံရမှုတွေ့ရှိပြီးနောက် နယ်စပ်ကျေးရွာများတွင် ကာလဝမ်းရောဂါ ကာကွယ် ဆေးထိုးနှံရန် အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ထိုင်းနေရှင်းသတင်း၌ ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များ၏ စီစဉ်မှုဖြင့် ကျေးရွာဆေးရုံမှ တာဝန်ရှိသူများ၊ ကျန်းမာရေး စေတနာ့ ဝန်ထမ်း များက အဆိုပါ ဘန်ဝမ်ဖာ ကျေးရွာရှိ ထိုင်းနှင့် မြန်မာအလုပ်သမားများအား ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကာလဝမ်းရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုလို မွေးရပ်နိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားတစ်ဦးထံတွင် ကာလဝမ်း ရောဂါတွေ့ရှိပြီးနောက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်စတင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဲရမတ်မြို့နယ်၊ လက်ထောက်ဥက္ကဋ္ဌဖြစ်သူ ပရာစက်ဝါဂျီးရားရန်နူဝပ်သည် ကာလဝမ်းရောဂါ လူနာကို ဆေးဝါးကုသပေးနေသည့် Shoklo Malaria Research Unit (SMRU) သို့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သွားရောက်ခဲ့သည်ဟု နေရှင်းသတင်း၌ ဖော်ပြထားသည်။
အဆိုပါ ကာလဝမ်းရောဂါ ကူးစက်ခံရသူ ရွှေ့ပြောင်းအလုပ်သမားသည် ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက အတည်ပြုပြောသည်။
၎င်းအပြင် မဲရမတ်မြို့နယ် ဥက္ကဋ္ဌဖြစ်သူ ပယင်ရာဆေရက်ဂျ်သည် နယ်ခံတာဝန်ရှိသူများ၊ ကျန်းမာရေး စေတနာ့ဝန်ထမ်းများနှင့်အတူ နယ်စပ်တလျှောက် နေထိုင်သူများအတွက် အသိပညာပေး လှုပ်ရှားမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေသလို ရောဂါလက္ခဏာခံစားရပါက ဆေးကုသမှု ချက်ခြင်းခံယူရန် အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။



















