Home သတင်း ထိုင်း-မလေး နယ်စပ်တွင် ကလေးများပါဝင်သည့် မြန်မာ ၃၁ ဦးကို မလေးစစ်တပ် ဖမ်းဆီး

ထိုင်း-မလေး နယ်စပ်တွင် ကလေးများပါဝင်သည့် မြန်မာ ၃၁ ဦးကို မလေးစစ်တပ် ဖမ်းဆီး

1126
Photo- New Straits Times, Source: New Straits Times

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မလေးရှားနယ်စပ်အနီး ဘူကစ်ကယုဟစ်တမ်အရပ်၌ မလေးရှားနိုင်ငံသို့ တရားမဝင်၊ ဝင်ရောက် လာသည့် ကလေးငယ်များအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၁ ဦးကို မလေးရှား စစ်တပ်က ဖမ်းဆီးလိုက်သည်ဟု ဇန်နဝါရီ ၃၁ ရက်နေ့ တွင် New Straits Times သတင်းတွင် ဖော်ပြထားသည်။

မလေးရှားကင်းလှည့်တပ်ဖွဲ့ဝင်များက ဆီအုန်းစိုက်ခင်းထဲ၌ ပုန်းအောင်းနေသူ မြန်မာရွှေ့ပြောင်း အလုပ် သမားများကို နံနက် ၆ နာရီတွင် ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းတွင်ဖော်ပြထားသည်။

ယခုလို ဖမ်းဆီးပြီးနောက် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၁၄ ဦးနှင့် မိန်းကလေးတစ်ဦးပါဝင်သည့် ကလေး ၃ ဦးတို့ ဖြစ်ကြောင်း မလေးရှားစစ်တပ်တာဝန်ရှိသူက ပြောသည်။

“သူတို့က ခွင့်ပြုချက်မရှိဘဲ မလေးရှားနိုင်ငံကို ဝင်ရောက်လာကြတယ်လို့ ယူဆရတယ်” ဟု ၎င်းတာဝန်ရှိသူ ပြောဆိုသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားအုပ်စုထံမှ ငွေသား၊ လက်ကိုင်ဖုန်း ၂၃ လုံးနှင့် လက်ဝတ်ရတနာ အပိုင်းအစများအပါအဝင် မလေးရှားရင်းဂစ်ငွေ ၂၇,၈၈၅ ကျော် တန်ဖိုးရှိ ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးမှုများပြုလုပ်ရန်အတွက် ဖမ်းဆီးထားသူများကို ဘူကစ်ကယုဟစ်တမ် ရဲစခန်းရှိ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။