Home တွေ့ဆုံမေးမြန်းခန်း ကော်သူးလေ သင်းဖွဲ့မှတ်ပုံခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ပဒိုစောကနဲဖောနှင့် တွေ့ဆုံမေးမြန်းခြင်း

ကော်သူးလေ သင်းဖွဲ့မှတ်ပုံခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ပဒိုစောကနဲဖောနှင့် တွေ့ဆုံမေးမြန်းခြင်း

445

ကော်သူးလေ သင်းဖွဲ့မှတ်ပုံခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ပဒိုစောကနဲဖောနှင့် တွေ့ဆုံမေးမြန်းခြင်း

“အုပ်ချုပ်ရေးနဲ့ လွပ်လပ်တဲ့အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းမယ်ဆိုရင် ပြည်သူတွေ အကျိုး ခံစားရမှာ အသေအချာပဲ” ပဒိုစောကနဲဖော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန၏ လုပ်ငန်းဆောင်တာ တစ်ခုဖြစ် သည့် ကော်သူးလေ နယ်မြေအတွင်းရှိ လူမှုအဖွဲ့စည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် မီဒီယာများ စသည်တို့ ကို အသင်းအဖွဲ့အဖြစ် တရားဝင်မှတ်ပုံတင်ခြင်း လုပ်ဆောင်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အများပြည်သူ သိရရှိနိုင်ရန် ဌာနတာဝန်ခံ ပဒိုစောကနဲဖေါနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည် ဖော်ပြ လိုက်ပါသည်။

မေး။ ။ ကော်သူးလေ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်း ၊ စည်းကမ်းများနဲ့ ဘယ်အဖွဲ့တွေမှတ်ပုံတင်ရမလဲ။
ပဒိုစောကနဲဖေါ။ ။ အဖွဲ့အစည်း မှတ်ပုံတင်ခြင်း (registration) ကနေတဆင့် မှတ်ပုံတင်(register) ပြန်ထုတ်လိုက်တယ်။ ကျနော်တို့ နယ်မြေထဲကို ဝင်ရောက်လုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းအားလုံး က ကိုယ့်ရဲ့ အဖွဲ့အစည်းအကြောင်းကို လာရောက်တင်ပြမှတ်ပုံတင်ရပါမယ်။ ဆိုလိုချင်တာက လူမှုရေးအဖွဲ့ဘဲဖြစ်ဖြစ်၊ ဘာသာရေး အဖွဲ့အစည်းတွေဘဲဖြစ်ဖြစ်၊ မီဒီယာအဖွဲ့အစည်းတွေဘဲဖြစ်ဖြစ် ၊ ဝင်ရောက်လာ လုပ်ကိုင်ကြတဲ့ အဖွဲ့ အစည်း အားလုံး ကျနော်တို့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့အတိုင်း လာပြီး မှတ်ပုံတင်ကြရမယ်။

ကေအိုင်စီ။ လာရောက်မှတ်ပုံတင်ကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သူတို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိကြလဲ။
ပဒိုစောကနဲဖေါ။ ပြောရရင်တော့ ဒီအစီအစဉ်ကို ဒီနှစ်အတွင်းမှာဘဲ စတင်ခဲ့ကြတယ်။ ဒီနှစ်အတွင်း စတင်တာကလည်း အဖွဲ့အစည်းတွေဆီကို အသိပေးထုတ်ပြန်တာ မဟုတ်ဘူး။ အထူးသဖြင့် အစည်းအဝေး၊ တွေ့ ဆုံ ဆွေးနွေးမှုတွေ ဖြစ်တဲ့အချိန်တွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေးအကြောင်း ကြားပေးတယ်။ အဲလိုအကြောင်းကြားပေးတဲ့အပေါ်မှာတချို့အဖွဲ့အစည်းတွေက လာတင်ပြကြတယ်။ လာတင်ပြတဲ့ အဖွဲ့အစည်း တွေကိုလည်း လုပ်ငန်းစဉ်ရှိတဲ့အတိုင်း သူတို့လုပ်ဆောင်ဖို့ ခွင့်ပြုကြတယ်။ ဒါပေမယ့် အဖွဲ့အစည်း အနည်း စုဘဲ ရှိပါသေးတယ်။

လာပြီးမှတ်ပုံတင်ကြတဲ့အဖွဲ့အစည်းတွေက ဒီနယ်မြေထဲမှာ ပြည်သူတွေရဲ့အကျိုးအတွက် အလုပ်လုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေဘဲ။ အကျိုးကျေးဇူးကိုတော့ ဒီနေရာဘဲ တိုင်းတာပြောဆိုဖို့အတွက်ကိုတော့ ပြောလို့မတတ်ဘူး။ ဒါပေမယ့် အကျိုးကျေးဇူး ကျန်ရှိခဲ့တယ်ဆိုတာ ကျနော်တို့ သိတယ်။ ထပ်ဝင်ရောက်လုပ်ကိုင်ကြမယ့် အဖွဲ့ အစည်းအသစ်တွေကလည်း ရှိလိမ့်ဦးမယ်။ အဖွဲ့အစည်းအသစ်တွေကလည်း ကျနော်တို့အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်အစီအစဉ်တွေဒီလိုရှိတယ်ဆိုတာကို နားစွင့် ကြားရ၊ သိရှိတဲ့အတွက် သူတို့စုံစမ်း မေးမြန်း လာကြတယ်။ တချို့ကလည်း ကြားထားပေမယ့် မှတ်ပုံတင်ဖို့ မရောက်ရှိသေးတာလည်း ရှိမယ်။ ကျနော်တို့ အတွေ့ အကြုံအရ အများအားဖြင့် မှတ်ပုံတင်ဖို့ သဘောထား ရှိထားကြပါတယ်။

ကေအိုင်စီ။ ။ လာရောက်မှတ်ပုံတင်ကြတဲ့အဖွဲ့အစည်းတွေအနေနဲ့ အမှားကျူးလွန်ခဲ့ရင် ဘယ်လိုအရေးယူသလဲ။
ပဒိုစောကနဲဖေါ။ ။ အခုကတော့ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်ဘဲ ရှိသေးတယ်။ အခုချိန်မှာ မှတ်ပုံတင်ရရှိတဲ့ အဖွဲ့ အစည်းတွေ အမှားကျူးလွန်တဲ့အခါ အရေးယူဖို့အတွက် မရေးဆွဲချမှတ်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖြတ်သန်းခဲ့တာတွေက အများအားဖြင့် ၂၀၁၄-၁၅ က စပြီး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ ကျနော်တို့နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါပေမယ့်အခုကတော့ အဖွဲ့အစည်းထုံးစံ၊ အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေအရ ဝင်ရောက်လုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မိမိကိုယ်ကိုယ် တင်ပြပြီး မှတ်ပုံတင်ကြဖို့ ဆိုတဲ့ အစီအစဉ် ရှိလာပါတယ်။

ကေအိုင်စီ။ ။ မှတ်ပုံတင်ခြင်းလုပ်ငန်း ဘယ်အချိန်မှာ စတင်ခဲ့လဲ။ ယနေ့အချိန်အထိ လာရောက် မှတ်ပုံတင်တဲ့ အဖွဲ့အစည်း ဘယ်နှစ်ဖွဲ့ ရှိပြီလဲ။
ပဒိုစောကနဲဖေါ။ ။ အသိအမှတ်ပြုခြင်းက လာရောက်တင်ပြတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ်မှာ မူတည် တယ်။ သူတို့တင်ပြလာတဲ့အပေါ်မှာ အဆင့်ဆင့် စိစစ်ပြီး ကျနော်တို့ရဲ့လုပ်ငန်းစဉ်၊ ချမှတ်ထားတဲ့အစီအစဉ်တွေနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်းဆိုရင်တော့ ကျနော်တို့လက်ခံတယ်။ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီနှစ်အတွင်း မေလ၊ ဇွန်လ ထဲမှာ ဖြစ်တယ်။ အဲဒီမှာ တချို့အဖွဲ့အစည်းတွေက လာရောက်မှတ်ပုံတင်ကြပြီးဖြစ်တယ်။ ကျနော်တို့ ကလည်း လာရောက်မှတ်ပုံတင်ပြီးသွားတဲ့ အဖွဲ့အစည်းတွေအတွက် သက်ဆိုင်ရာသူတို့အလုပ်လုပ်တဲ့ နယ်မြေတွေ ထဲမှာ လုပ်ကိုင်ဖို့ အခွင့်အရေး ၊ အာမခံချက်တွေကို ပေးခဲ့တယ်။

သူတို့လုပ်ကိုင်တဲ့အရာအားလုံးက ပြည်သူတွေအတွက် အကျိုးကျေးဇူးရှိရမယ်။ ကျနော်တို့လုပ်တဲ့ အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကလည်း ခုန ကျနော်ပြောသလိုဘဲ ပြည်သူတွေ ရဲ့ အကျိုးကျေးဇူး အတွက်ပါဘဲ။ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာကို ကျနော်တို့ သိခဲ့တဲ့အတိုင်း (၆)လ တစ်ကြိမ်အစည်းအဝေးလိုမျိုး တွေ့ဆုံဆွေးနွေးမယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု အင်အား ပိုကြီးလာမယ်။ အဲဒါထက် ပြည်သူတွေ အတွက် အကျိုးကျေးဇူး ရှိလာဖို့အတွက်က ကျနော်တို့ရဲ့ ရည်မှန်းချက်ပါဘဲ။

ကေအိုင်စီ။ ။ အဖွဲ့အစည်းပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာဖို့အတွက် ဘာတွေ ပြောကြားပေးချင်ပါသလဲ။
ပဒိုစောကနဲဖေါ။ ။ အခုက ပြောရမယ်ဆိုရင် ကျနော်တို့ ကေအဲန်ယူ ခရိုင် (၇)ခု အုပ်ချုပ်ရေးနယ်အထဲက ဝင်ရောက်လာတဲ့ အဖွဲ့အစည်း တွေရဲ့ လုပ်ငန်းတွေက လုပ်ဆောင်လည်ပတ်နေလျက်ဘဲ ။ အဲလို လည်ပတ် နေတဲ့ အပေါ်မှာ လွန်ခဲ့တာတွေကို ပြန်ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ယခုအစီအစဉ်တွေ မရှိခင် အချိန်တုန်းက အဖွဲ့အစည်းတွေက လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေခဲ့ကြပြီ။ အဲဒီမှာ လမ်းစဉ်ကတော့ရှိနေခဲ့ပြီ။ လမ်းစဉ်အရ လာရောက်အသိအမှတ်ပြုခံဖို့ အစီအစဉ်က မရှိဘူး။ အခုက ကျနော်တို့ အစီအစဉ်စတင်နေပြီ။

ကျနော်တို့ရဲ့အစီအစဉ်က ခုန ပြောသလို ပြည်သူတွေ ရရှိသင့် ၊ ရရှိထိုက်တဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်း မွန်မွန် တကယ့်လက်တွေ့ လက်ခံရရှိဖို့ က ကျနော်တို့ရဲ့ ရည်မှန်းချက်ပါဘဲ။ နံပါတ်၂ အချက်က ကေအဲန်ယူက ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်ဆိုပြီး ကြွေးကြော်နေတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ကိုယ့်ကိုယ်ကို အုပ်ချုပ် တတ်ဖို့ ဆိုတာ ကျနော်တို့ ရဲ့ အုပ်ချုပ်ရေးကို စတင်ဖို့ ခြေလှမ်းဖြစ်တယ်။ ဒါကြောင့်မို့ အုပ်ချုပ်ရေးနဲ့ လွတ်လပ်သော အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အင်အားကောင်းမယ်ဆိုရင် အဲဒီအကျိုးကျေးဇူးကို ပြည်သူတွေက ထိထိရောက်ရောက် ခံစားရမယ်ဆိုတာ အသေအချာပါဘဲ။

အတွေ့အကြုံအရ ကိုယ့်နေရာနဲ့ကိုယ် အလုပ်လုပ်ခဲ့ကြတယ်။ ကိုယ့်နေရာနဲ့ကိုယ် လုပ်ခဲ့ကြပေမယ့် ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက အတွေ့အကြုံတွေကို ပြန်ပြီး စိစစ်တာ ၊ နောက်ပြီး လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေက ဘယ်လောက်အထိ သက်ရောက်မှု ရှိလဲ။ ဘယ်လောက်အကျိုးရှိလဲ ကျနော်တို့ မသိဘူး။ ကျနော်တို့ ဒီအစီအစဉ် ရှိလာတဲ့အပေါ်မှာ လမ်းစဉ်တွေ ၊ လုပ်ငန်းစဉ်တွေ ရှိလာတဲ့အပေါ်မှာ ပြည်သူအတွက် အကျိုးအများကြီး ရှိလာမှာပါ။

ဒါကြောင့်မို့ အစိုးရနှင့် လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အင်အား ကောင်းရင်တော့ မြင်နိုင်တဲ့ အကျိုးကျေးဇူး ရှိလာပြီး စိတ်ကျေနပ်စရာ ရှေ့လှမ်းမယ့်ခြေလှမ်းတွေ ဖြစ်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ နဲ့ ကျနော်တို့ လိုအပ်နေတဲ့ အုပ်ချုပ်ရေးကို ရောက်ရှိအတွက် ကျနော်တို့ လိုချင်တဲ့အတိုင်း အပြည့်အဝ ရောက်ရှိမှာ ဖြစ်တယ်။

ကေအိုင်စီ။ ။ အဖွဲ့အစည်းမှတ်ပုံတင်ခြင်းလုပ်ငန်းတွေမှာ ဘာအခက်အခဲတွေ တွေ့ရလဲ။
ပဒိုစောကနဲဖေါ။ ။ အခက်အခဲကတော့ မရှိဘူး။ မရှိဘူးဆိုတာက ကျနော်တို့က လုပ်ငန်းစဉ် ချမှတ်ထားတယ်။ လွတ်လပ်တဲ့အဖွဲ့အစည်းတွေက မှတ်ပုံတင်ခြင်းအတွက် လာပြီး အသိအမှတ်ပြုခံရတယ်။ ဒါပေမယ့် သူတို့ဘက်က ကြည့်မယ်ဆိုရင်တော့ ပြည်တွင်းရေးမတည်ငြိမ်ဘူး။ မတည်ငြိမ်တဲ့အတွက် သူတို့ကလည်း သူတို့ရဲ့ စဉ်းစားချက် တွေနဲ့ သူတို့ ရှိတာပေါ့။ လာပြီး မှတ်ပုံတင်သင့်လာ။ မလာသင့်သေးဘူးလားဆိုတာ သူတို့ စဉ်းစားချက် ရှိတယ်။ အကူအညီအထောက်အပံ့တွေကလည်း ကျနော်တို့အဖွဲ့အစည်း သဘောထားအရ နယ်စပ်ဖြတ်ကျော်ပြီးတော့ဘဲ လာရမှာကိုး။ ဒါကြောင့်မို့ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ရှိခဲ့တဲ့ အဖွဲ့အစည်းအတွက်ဆိုရင်တော့ နည်းနည်း ပိုခက်မှာပေါ့။

ကေအိုင်စီ။ ။ အဖွဲ့အစည်းမှတ်ပုံတင်ခြင်းနဲ့ ပါတ်သက်ပြီး ဘာထပ်ပြောချင်လဲ။
ပဒိုစောကနဲဖေါ။ ။ ကျနော်တို့ ချမှတ်ထားတဲ့အစီအစဉ်က ကျနော်တို့ လူမျိုး၊ ကျနော်တို့ပြည်သူတွေ လိုအပ် နေတာနဲ့ ထပ်တူကျတယ်လို့ ယုံကြည်ပါတယ်။ တဖက်မှာလည်း အုပ်ချုပ်ရေးကို လည်ပတ်ရင်း လိုအပ်နေတဲ့ လစ်ဟာနေတဲ့ ပြည်သူတွေအတွက် လူမှုရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးရင်း ကျနော်တို့ တွေကြားမှာ ဆွေးနွေးတိုင်ပင် ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် လုပ်ငန်းဆောင်တာတွေ ဖြစ်မြောက်မှာပါ။ လုပ်ငန်း ဆောင်တာ တွေ ပိုပြီး တောင့်တင်းလာမယ်။ ကျနော်တို့ ပြည်သူလူထုတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ကျနော်တို့လူမျိုး၊ ပြည်သူ အားလုံးရဲ့ အနာဂတ်ဘဝတွေအတွက် တည်တံ့တဲ့ အကျိုးကျေးဇူး ဖြစ်လာမှာပါ။