Home သတင်း စစ်ရှိန်မြှင့်လာသည့် အောင်ဇေယျစစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ထိခိုက်ကျဆုံးများ တချို့ထွက်ပြေး

စစ်ရှိန်မြှင့်လာသည့် အောင်ဇေယျစစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ထိခိုက်ကျဆုံးများ တချို့ထွက်ပြေး

969
Photo: CJ

ဇန်နဝါရီ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့မှ စစ်ကူနှင့်လက်နက်ခဲယမ်းများ အဆက်မပြတ်ပို့ဆောင် စစ်ရှိန်မြှင့်တိုက်ခိုက်လာသည့် အောင်ဇေယျ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်-PDF တပ်ဖွဲ့ဝင်များက အာရှလမ်းပိုင်း၌ ကြားဖြတ်တိုက်ခိုက်နေပြီး ထိခိုက်အကျအဆုံး များကာ တစ်ချို့ ထွက်ပြေးသွား သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ အာရှလမ်းသစ်ဘက်သို့ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းများက ဝေဟင်မှ ဒရုန်းဖြင့် ကင်းထောက်ပြီး၊ လက်နက်ကြီး ဒုံးပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထိုးပြီး စစ်ရှိန်မြှင့် လာခြင်း ဖြစ်သည်။ ထိုသို့ စစ်ကြောင်းထိုးလာမှုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်နေမှု အခြေအနေနှင့် ပတ်သက်၍ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“ကျုံဒိုးကနေ နေ့တိုင်းကော့ကရိတ်နဲ့ အာရှလမ်းကို တက်ခိုင်းနေတာ လက်နက်ကြီးနဲ့က လှိုင်ဝကရှေ့ကို ကြိုပစ် ပေးတယ်။ ဒရုန်းကလည်း ကင်းထောက်ပြီး ကြဲချပေးတယ်။ မြေပြင် စစ်ကြောင်းက အင်အား ၁၀၀ ကျော်နဲ့ တက်တယ်။ အခုက အာရှလမ်း သီလရှင်ကျောင်းကုန်းဘက်မှာ ပိတ်ဆို့ပြီး တိုက်ပွဲဖြစ်နေတယ်။ ကျုံဒိုး၊ ငါးတိုင်၊ ရေပူ ဘက်မှာလည်း ကားမိုင်းဆွဲပြီး ကြားဖြတ်တိုက်တာ ကားနှစ်စီးတော့ပျက်ပြီး စစ်သားသေတာ၊ ထိတာတွေ ရှိနေတယ်၊ တချို့လဲ စစ်ကြောင်းကနေထွက်ပြေးနေတာရှိတယ်။ အလင်းဝင်တာ၊ ဖမ်းမိတာတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေသည်အပေါ်ဖားအံ၊ တပ်မ၂၂ မှ စစ်ကောင်စီတပ်များက ကျုံဒိုး ခမရ (၅၄၅)၊ (၅၄၆) တပ်ရင်း များနှင့် စကခ-၁၂ ဌာနချုပ်သို့ တာဝေးပစ် လက်နက်ကြီးများ၊ ခဲယမ်းများ နေ့စဉ်ပို့ဆောင် နေသည်ဟု မြေပြင်အခြေအနေသိရှိသူ သတင်းရင်းမြစ်က ပြောသည်။

Photo: CJ

ထို့အပြင် အာရှလမ်းမသစ် မြဝတီ၊ သင်္ဃန်းညီနောင်၊ ကွင်းကလေးကျေးရွာ ဘက်သို ဒုံးရော့ကက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများလည်း ရှိနေသည်ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ယခုလို ပြောသည်။

“ဇန်နဝါရီလ ၁၇ ရက်က ကော့ကရိတ်က ပစ်တဲ့ ရော့ကက်ဒုံးတွေက ညီနောင်ကွင်းကလေးအထိ ရောက်တယ်။ အပြင်ကွင်းကလေးရွာကို ကျပေါက်တာ ရွာသားထိခိုက်တာရှိတယ်။ အဲလိုဘဲ အာရှလမ်းကို ဒုံးရှည်တွေနဲ့ပစ် နေတာ မပေါက်ဘဲလမ်းပေါ် စိုက်ဝင်နေတာတွေလည်းရှိတယ်။ နေ့တိုင်းပစ်နေတာ၊ လူစစ်ကြောင်းကတော့ တက်လာလိုက်ပြန်လန်ပြီး ဆုတ်လိုက်ဘဲ” ဟု မဟာမိတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ အနေဖြင့် ဒေါ်နတောင်ကျော်အာရှလမ်းကို ပြန်စိုးမိုးရန် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းများ တစ်နှစ်နီးပါးကြာ ထိုးစစ် ဆင်နေသော်လည်း လက်ရှိအချိန်ထိ ပြန်စိုးမိုးနိုင်ခြင်းမရှိသေးသလို ယခုပွင့်လင်းရာသီ တွင် စစ်ရှိန်မြှင့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။