Home သတင်း ကော့ကရိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အင်အားပြန်လည်စုစည်းပြီး လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်နေ

ကော့ကရိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အင်အားပြန်လည်စုစည်းပြီး လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်နေ

728

ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)/ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ လှိုင်ဝအမြောက်ကုန်းနှင့် ခြေလျင်တပ်ရင်း( ခလရ-၉၇)စသည့် တပ်စခန်းအချို့တွင် ယခု ဇန်နဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ပြန်လည်စုစည်းပြီး ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတစ်လျှောက်တွင် ၎င်းတို့တပ်ဖွဲ့ဝင် အင်အားအများအပြားဖြင့် ဖြန့်ကျက်နေရာယူထားသည့် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အထိုင် တပ်စခန်းအချို့သို့ အင်အားပြန်လည်စုစည်းထားခြင်းဖြစ်ပြီး ယင်းတို့မှ လက်နက်ကြီးဆက်တိုက် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ကျုံဒိုးမြို့ခံများက ပြောသည်။

“အာရှလမ်းဘေးနားတပ်ချထားတဲ့ စစ်ကောင်စီတပ်တချို့တော့ သူတို့အထိုင်စခန်းမှာ ပြန်စုနေကြ တယ်။ အဲ့စခန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေတယ်။ ဘာတွေဆက်ဖြစ်လာမလဲတော့ မသိသေးဘူး” ဟု ကျုံဒိုးမြို့ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အာရှလမ်းပိုင်းတစ်လျှောက် အောင်ဇေယျစစ်ကြောင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များအကြား လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး သူများလာသလို ၎င်းတို့တပ်စခန်းများမှ စွန့်ခွာထွက်ပြေးကြသည့် တပ်ဖွဲ့ဝင်အချို့ရှိလာသည်ဟုလည်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

ထို့ကြောင့်ပင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲများရှိနိုင်မည့်နေရာသို့သာမက အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ယခုလို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ရှေ့တန်းစစ်မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီတပ်က တိုက်ပွဲမှာ ထိခိုက်သေ ဆုံးတာများပြီး အရှုံးနဲ့ရင်ဆိုင်ရတော့ ကျနော်တို့ ရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ ဒါတင်မကသေးဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေမရှိတဲ့ ဘာမှမဆိုင်တဲ့ ပြည်သူတွေနေထိုင်တဲ့ရွာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးတွေပစ်နေတာ”ဟု ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးသာမက အဝေးနေရာမှကျေးရွာများအထိပါ စစ်ကောင်စီ၏ လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိလာသောကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိလာပြီး မိမိတို့ခြံဝင်း၊ အိုးအိမ်အတွင်း နေထိုင်ရသည့်တိုင် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုမြင့် တက်လာနေကြောင်း ကော့ကရိတ်မြိုနယ်ရှိ ဒေသခံများက ပြောသည်။

အလားတူ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းနှင့် ရွာချင်းဆက်လမ်းများတွင် စစ်တပ်က ကင်း ပုန်းများချထား၍ လမ်းသွားလမ်းလာ အများပြည်သူအား စစ်ဆေးရေးတင်းကြပ်၍ ငွေတောင်းခံမှုများ လုပ်ဆောင်နေခြင်းကြောင့် ငွေကုန်ကြေးကျမှုနှင့် သွားလာရေးအခက်ကြုံရကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။