ဇန်နဝါရီ ၈ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့်မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့် နေအိမ်မှ ပစ္စည်းများ စစ်ကောင်စီနှင့်တပ်ထောက်ခံသူ အရပ်သားအချို့ ပူးပေါင်းပြီး ဆက်တိုက်ခိုးယူခံနေရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ကော့ကရိတ်မြို့အပြင်ဘက်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မြို့ခံပြည်သူအားလုံး ပြန်လည်နေ ထိုင်ခြင်း မရှိသေးသည့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များနှင့် စစ်တပ်စခန်းများရှိနေ၍ ပြန်နေ ထိုင်ခွင့်မရ သေးသည့် မြို့စွန်နေအိမ်များမှ ပစ္စည်းများအား စစ်ကောင်စီနှင့်၎င်းထောက်ခံသည့် အရပ်သားအချို့က ဆက်တိုက်ခိုးယူရောင်းချနေခြင်းဖြစ်သည်။
ကော့ကရိတ်မြို့နေပြည်သူတစ်ဦးက “မြို့ထဲမှာကပြည်သူတွေအနည်းစုပဲ အတည်တကျပြန်နေသေးတယ်။ တချို့ ရပ်ကွက်ထဲက လူမရှိတဲ့အိမ်တွေဆို စစ်တပ်ရော သူတို့ကိုထောက်ခံတဲ့အုပ်စုတွေရော ပေါင်းပြီး ပစ္စည်းတွေ အကုန်ခိုးယူနေကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် ရပ်ကွက်အချို့နှင့် မြို့အစွန်နေရာများတွင်လည်း စစ်ကောင်စီက နေအိမ်ပြန်ခွင့် မပေးသေးသောကြောင့် မိမိတို့အိုးအိမ်ကို ပြန်ကြည့်ခွင့်မရသေးသည့် ဒေသခံများပိုင် အိမ်အတွင်းရှိ ပစ္စည်း အားလုံးမကျန်တော့သည့်အထိ ခိုးယူခံနေရကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။
“သူတို့(စစ်ကောင်စီ)တပ်ချထားတဲ့ အပိုင်းတွေနဲ့ အချို့ရပ်ကွက်တွေကိုတော့ ပြည်သူတွေ ပြန်ခွင့်မပေးဘူ။ ဒါပေမဲ့ စစ်တပ်နဲ့ပေါင်းတဲ့သူတွေက ပစ္စည်းတွေနေ့တိုင်းသွားသယ်နေတယ်။ အိမ်တိုင်းမှာပစ္စည်းတွေကုန်နေလောက်ပြီး ပျဉ်သားပါမကျန်တိုက်ယူနေတယ်” ဟု နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီအုပ်စုက အရပ်သားပိုင်ပစ္စည်းဥစ္စာများ ခိုးယူရောင်းချနေသည်နှင့်ပတ်သက်၍ စစ်တပ် အုပ်ချုပ်မှုအောက်ရှိနယ်မြေဖြစ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ရန်ရှာခံရမည်စိုးသဖြင့် ပြည်သူများ တိုင်တောရန်မဝံ့ရဲကြကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပစ္စည်းခိုးမှုနှင့်စပ်လျဉ်း၍ ကော့ကရိတ်မြို့မရဲစခန်းအခြေစိုက်သည့် စစ်ကောင်စီအုပ်စုမှ အဓိက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှသိရသော်လည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကော့ကရိတ်မြို့ထိန်းတိုက်ပွဲများနှင့်ဆက်စပ်၍ နှစ်ဖက်တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့ခံများ စစ်ရှောင်ခဲ့ကြရသည်။ အာရှလမ်းစိုးမိုးနိုင်ရေး စစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်နေဦးရေ အနည်းအကျဥ်းသာ မြို့တွင်းပြန်လည်နေထိုင်ကြ၍ အများစုမှာ စစ်ရှောင်များအဖြစ်ဆက်လက်ရှိနေသည်။
ထိုအထဲတွင် ချောင်းတောင်အပေါ်ပိုင်း၊ ထန်းပင်ကုန်း၊ ရှမ်းပိုင်း၊ ဝင်းကြီး၊ မြို့တော်ဦး၊ ဆင်ကုန်းစသည့် ရပ်ကွက် အပိုင်းများနှင့် မြို့အနီးဖြစ်သည့် ကော့နွဲ၊ ရွာသစ်ကုန်း၊ ကျောက်စရစ်ကုန်းစသည့်ကျေးရွာများမှာ စစ်ကောင်စီတပ်တားမြစ်မှုကြောင့် နေအိမ်ပြန်ကြည့်ခွင့်မရသည့် နေရာများဖြစ်သည်။ ယင်းနေရာများတွင်လည်း အိမ်ရှိပစ္စည်းများခိုးယူခံရရုံသာမက စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံနေရသည်ဟုလည်း ဒေသခံပြည်သူများက ပြောသည်။



















