Home သတင်း ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမတစ်လျှောက် စစ်ဆေးမှုများ ပိုတင်းကြပ်လာ

ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမတစ်လျှောက် စစ်ဆေးမှုများ ပိုတင်းကြပ်လာ

807
Photo: Social Media

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်တိုင်း ဒေသကြီးမှ ဧရာဝတီတိုင်း ဒေသကြီးသို့ ဆက်သွယ်ထားသည့် ရန်ကုန်-ဧရာဝတီ အဝေးပြေး လမ်းမ ကြီး တစ်လျှောက်ရှိ စစ်ကောင်စီ၏ လုံခြုံရေးစစ်ဆေးမှုဂိတ်များတွင် ယာဉ်သွားယာဉ်လာများနှင့် ခရီးသွား ပြည်သူများကို ယခင်ကထက် အစစ်အဆေးတင်းကြပ်နေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ဧရာဝတီတိုင်းကို အခြေပြုသော တိုင်းစစ်ဌာန(ဧရာဝတီ)ကို အဆင့်ဆင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း ၊ တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိထားပြီးဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်း စစ်ကောင်စီ ဘက်က လုံခြုံရေးတင်းကြပ်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ခရီးသွားပြည်သူများက ပြောသည် ။

ရန်ကုန်မှ ဧရာဝတီသို့ ခရီးသွားသည့် အမည်မဖော်လိုသူ အမျိုးသမီးလူငယ်တစ်ဦးက “ရန်ကုန်တိုင်းအထွက် ထန်းတစ်ပင်ဂိတ်နဲ့ ပန်တိုင်ဂိတ်မှာ တအားစစ်တယ်။ လိုင်းကားပေါ်မှာဆိုရင် ကားပေါ်အထိ တက်စစ်တယ်။ အရွယ်ကောင်းတဲ့ ယောက်ျားလေးတွေဆိုရင် ပိုစစ်တယ်။ အရင် သီတင်းကျွတ်ပြန်တုန်းက အဲ့ဂိတ်တွေက မှတ်ပုံတင် ထောင်ပြရင်ရပြီး။ ကားပေါ်အထိ တက်မစစ်ဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ရန်ကုန်မှ ဧရာဝတီသို့ ဆက်သွယ်ထားသည့် ရန်ကုန်-ပုသိမ်အဝေးပြေး လမ်းမကြီးတစ်လျှောက်ရှိ ထန်းတစ်ပင် ဂိတ်၊ ပန်တိုင်ဂိတ်၊ ညောင်တုန်းမြို့အနီး ဗိုလ်မြထွန်းတံတားအဆင်းဂိတ်၊ ကျောင်းကုန်းမြို့အဝင်ဂိတ်၊ ပုသိမ် ကန်ကြီးထောင့်လမ်းဆုံဂိတ်နှင့် ပုသိမ်ကိုးဆူဂိတ်တို့တွင် အင်အားအများအပြားဖြင့် အစစ်အဆေးတင်းကြပ် ထား ကြောင်း မြေပြင်သတင်းအရင်းအမြစ်ကို အခြေခံ၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတိပေးရေးသားမှုများ ပြုလုပ်ထားသည်။

ရန်ကုန်တိုင်းအထွက် ထန်းတစ်ပင် နှင့် ပန်တိုင်ဂိတ်တွင် အစစ်အဆေး ပိုတင်းကြပ်နေပြီး ခရီးသွားပြည်သူများကို နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) နှင့် လူတိုက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ မှတ်ပုံတင် မပါသူများကို ဖမ်းဆီးထားသလို လက်ကိုင်ဖုန်းများအပြင် အလုံပိတ်ကုန်ကားများကိုလည်း ဖွင့်စစ်ဆေးပြီး ဘုန်းကြီးကား များကိုပါမကျန် စစ်ဆေးနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

“ရန်ကုန်ကနေ ပုသိမ်ပြန်တဲ့ လမ်းတစ်လျှောက် ဂိတ်တိုင်း အကုန်စစ်တယ်။ မှတ်ပုံတင်တွေလူနဲ့စစ်တယ်။ ဂိတ်တွေမှာ တင့်ကားကြီးတွေနဲ့။ စစ်ကားတွေ အများကြီးပဲ။” ဟု ရန်ကုန်မှ ပုသိမ်သို့ပြန်သူ အမျိုးသမီးကြီးတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းနှင့်ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီ၏ အမ်းမြို့ရှိ တိုင်းစစ်ဌာနချုပ် (နပခ)ကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်ရရှိလိုက်ပြီးဖြစ်သလိုဧရာဝတီတိုင်းနယ်စပ် ဂွမြို့အထိ ထိုးစစ်များ ဆက်လက်လုပ်ဆောင်လာသောကြောင့် အဆိုပါ ရခိုင်-ဧရာဝတီ နယ်စပ်တွင်လည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်ထားသည်။

AA ၏ မြို့သိမ်းတိုက်ပွဲအတွင်း ရခိုင်ပြည်နယ် တစ်ခုလုံးအနေဖြင့် တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့သာ ကျန်ရှိတော့သည်။ ဧရာဝတီတိုင်းနှင့် ထိစပ်သည့် သံတွဲခရိုင်အတွင်းရှိ ငါးသိုင်း ချောင်း-ဂွလမ်းမပေါ်က စစ်ကောင်စီ၏ ဒေါင်းချောင်းဂိတ်နှင့် ဗေဒါဂိတ်စခန်းတို့ကို AAနှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် ပြုလုပ် ထားကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်း အဝင်အထွက်သွားလာမှုများကို စစ်ဆေးမှုတင်းကြပ်နေသလို စစ်ရှုံးနေသည့် စစ်ကောင်စီ အနေဖြင့် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်။ ၎င်းအပြင် ရန်ကုန်မှ ဧရာဝတီတိုင်း ပြန်မည့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးကားဂိတ်တွင် ယခုရက်ပိုင်းအတွင်း လူငယ်လူလတ်ပိုင်းများကို ပစ်မှတ်ထားပေါ်တာဆွဲမှုများ၊ လိမ်လည်ခေါ်ဆောင်မှုများ ဆောင်နေကြောင်းမျက် မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။