ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရက္ခိုင့်တပ်တော်-AA ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းနှင့် ရခိုင် တစ်ပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေမှုအပေါ် ဂုဏ်ပြုကြောင်း ပအိုဝ်းနှင့် မွန်တော်လှန်ရေး မဟာမိတ်အဖွဲ့များက ယနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၀ ရက်နေ့က (နပခ) ကို အလုံးစုံသိမ်းပိုက်လိုက်ခြင်းနှင့် ကျန်စစ်ကောင်စီစခန်းများကို ဆက် လက် ထိုးစစ်ဆင်နေမှုအပေါ် ဂုဏ်ပြုကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP (AD)နှင့် မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)တို့က ပူးတွဲ ဂုဏ်ပြုလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်သူများအနေဖြင့် စစ်အာဏာရှင် စနစ်အောက်မှ ပထမဦးဆုံးလွတ်မြောက်တော့မည့် အလား အလာ ကောင်းတွင်ရှိနေပြီး ဗမာအပါအဝင် ကျန်အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လွတ်မြောက်ရေး အတွက်ပါ AA/ULA ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အထူးဂုဏ်ယူရကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ထို့အပြင် AA ၏ အောင်ပွဲသည့် ရခိုင်ပြည်သူများ၏ အောင်ပွဲသာမက ပြည်သူတစ်ရပ်လုံး၏ အောင်ပွဲ ဖြစ်ကြောင်း၊ တစ်စိတ်တစ်ပိုင်းလွတ်မြောက်ရုံဖြင့် အားလုံး မလွတ်မြောက်နိုင်ဘဲ အားလုံးလွတ် မြောက်မှသာ အပြည့်အဝလွတ်မြောက်မည်ဖြစ်၍ ၎င်းတို့ အနေဖြင့်လည်း အားလုံးလွတ်မြောက် ရေး အတွက် တိုက်ပွဲဝင်လျက်ရှိကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစုများ ဘက်မှ တိုင်းစစ်ဌာနချုပ် ၂ခု အပါအဝင် မြို့ပေါင်း အမြောက်အများ သိမ်းပိုက် ထိန်းချုပ်ထားသည်။ AA သည် မြို့ပေါင်း ၂၀ဖြင့် အများဆုံးသိမ်းပိုက်ရရှိထားပြီး လတ်တလောတွင် ရခိုင်တစ်ပြည်နယ်လုံး သိမ်းပိုက်ရရှိရန် အဓိက မြို့ကြီး ၃ မြို့သာ ကျန်ရှိတော့သည်။
အဆိုပါ မြို့ကြီး ၃မြို့မှာ တရုတ် စီမံကိန်းအများဆုံးရှိရာ ကျောက်ဖြူ၊ မန်အောင် နှင့် စစ်တွေ မြို့များဖြစ်သည်။ AA အနေဖြင့်လည်း အဆိုပါ မြို့များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် အပြင်အထန်ကာကွယ်တိုက်ခိုက်လျက်ရှိသည်။
AA နည်းတူ ကချင်လွတ်လပ်ရေးတပ်မတော်-KIA အနေဖြင့်လည်း မြို့ပေါင်း ၁၅ မြို့ နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA တို့မှ မြို့ပေါင်း ၁၂ မြို့အပါအဝင် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ သိမ်းပိုက်ထားသည့်မြို့ပေါင်း ၈၉ မြို့ရှိပြီးဖြစ်သည်။



















