ဒီဇင်ဘာ ၁၁ရက်၊ ၂၀၂၄။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)၊ တပ်ရင်း (၁၂) ဒုတပ်ခွဲမှူးတစ်ဦး ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ကစယ်ဒိုမြို့နယ်( ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ )အတွင်း ကော်သူး လေအာမီ (KTLA)က ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု KNLA တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း (၁၂) တပ်ခွဲ(၄)မှ ဒုတပ်ခွဲမှူး စောဖားကြိုးဆိုသူ သည် မြို့နယ်အစည်းအဝေး သွားမည့်သူများကို ဆိုင်ကယ်နှင့် သွားရောက်ပို့ဆောင်ပြီး ပြန်လာစဉ် KTLA တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KNLA ဘက်က ပြောသည်။
ဒုတပ်ခွဲမှူး စောဖားကြိုးကို ကစယ်ဒိုမြို့နယ် ညောင်ဖားလမ်းပေါ်တွင် KTLA တပ်ဖွဲ့ဝင်များက ဆိုင်ကယ်ကို တားမြစ်ရပ်တန့်ခိုင်းပြီး ခြေထောက်ကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးရေကြီး တံတားအောက်၌ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၁၂) တပ်ရင်းမှူး စောဒါးဒါးက ယခုလို ပြောသည်။
“ကျနော်တို့ကို သတင်းပေးတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ပြောတာကတော့ သူ့ကိုခြေထောက်မှာပစ်ပြီးမှ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒီမှာ အိုးရေကြီးတံတားအောက်ကို ခေါ်သွားပြီး သတ်ပစ်လိုက်တယ်။ ပြီးတော့ သဲတွေနဲ့ အလောင်းကို ပြန်ဖုံးလိုက်တယ်။ အဲဒီမှာက သွားလာရင်အမြဲသတင်းပေး ကြတယ်။ အခုကဘယ်လိုဖြစ် လဲတော့ မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဒုတပ်ခွဲမှူးကို ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်သည့် အဖွဲ့သည် ကော်လာဖိုး(ခ) စောအယ်ကွီး ဦးဆောင်သည့် KTLA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် စောဒါးဂေမှ ဦးဆောင်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သတ်ဖြတ်မှုကျူးလွန်သည့် သူများကို ဆက်သွယ်သော်လည်း ဆက်သွယ်မရဘဲ တိမ်းရှောင်နေသည်ဟု KNLA တာဝန်ရှိသူများ က ပြောသည်။
ထိုသို့ ဒုတပ်ခွဲမှူးပစ်ခတ်သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကော်သူးလေအာမီ- KTLA တာဝန်ရှိသူကို ကေအိုင်စီက ကြိုးစားဆက်သွယ်သော်လည်း တာဝန်ရှိသူများနှင့် ဆက်သွယ်၍မရ ဖြစ်နေခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင်လည်း အဆိုပါ KNLA၊ တပ်ရင်း (၁၂) နယ်မြေတွင် KNLA တပ်ဖွဲ့ ဝင်များ စီးလာသည့်ကားကို ကော်သူးလေအာမီ-KTLA တပ်ဖွဲ့က ပစ်ခတ်သည့်အတွက် KNLA မှ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့်အတူ ရဲဘော်တစ်ဦးကျဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ဖူးသည်။
၎င်းအပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်းက လယ်ဒိုစိုး(ထားဝယ်)မြို့နယ် KNLA တပ်ရင်း (၁၀) နယ်မြေအတွင်းရှိ စစ်ဆေးရေး ဂိတ်တစ်ခုကို KTLA တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။



















