ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့၌ မြန်မာရွှေ့ပြောင်းလူငယ်တစ်ဦးက ရွှေ့ပြောင်းမြန်မာနိုင်ငံသားများကို လူ့အခွင့်အရေးနှင့်အညီ သင့်လျော် ထိုက်သင့်သည့် အကာအကွယ်များပေးရန် ယမန်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ဆန္ဒထုတ်ဖော်ပြသမှု ပြုလုပ်ခဲ့သည်။
အဆိုပါ တစ်ကိုယ်တော် ဆန္ဒပြထုတ်ဖော်မှုကို ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ခင်းပိုင်းအချိန်တွင် မိနစ်ပိုင်းသာ ပြုလုပ်ခဲ့ပြီး မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအပေါ် ဖိနှိပ်မှုများကို အဓိကဖော်ပြစေလိုသော ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြလူငယ် ပေါလ်(Paul)အမည်လွဲထားသူက ယခုလို ပြောသည်။
“ထိုင်းရဲတွေ ဖိနှိပ်တာနဲ့ပတ်သက်ပြီးတော့ အဓိကပြောတာဖြစ်တယ်။ မဲဆောက်မှာက အထောက်အထား ရှိသည် ဖြစ်စေ၊ အထောက်အထားမရှိသည်ဖြစ်စေ ထိုင်းရဲတွေရဲ့ဖိနှိပ်မှုက မြန်မာနိုင်ငံသားတိုင်း ခံရတယ်။ အထောက်ထားမရှိတဲ့ သူဆိုပိုဆိုးတယ်။ ကျနော်ကိုယ်တိုင်လည်း ဖမ်းခံထိပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြောတာတွေ ရှိတယ်။ အဲ့တာကြောင့် မနေ့က ထိုင်းရဲတွေရဲ့ မတရားဖမ်းဆီးတာတွေ အကျင့်ပျက်ခြ စားတာတွေကို ကာကွယ်ပေးဖို့ ပြောတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အတွင်းရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်ကြသူများ၊ မြန်မာ ဒုက္ခသည် (Refugee)များကို UNHCR မှ ထိုက်သင့်သည့် အကာအကွယ်များပေးရန်လည်း ယခုလို လုပ်ဆောင်ရ ခြင်းဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင်လည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မဲဆောက်အချုပ်ထောင် ရှေ့နှင့် UNHCR ရုံးရှေ့တို့၌ မြန်မာဒုက္ခသည်များကို လေးစားအသိအမှတ်ပြုရန်အတွက် အသံတိတ်ဆန္ဒထုတ်ဖော် ပြသခဲ့ဖူးသည့်အပြင် UNHCR သို့ အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့သေးကြောင်း သိရသည်။



















