Home သတင်း ဘိတ်-တနင်္သာရီတွင် ရေကြောင်းမှ တပ်အင်အားဖြည့်တင်း အမျိုးသမီးများလည်းပါဝင်

ဘိတ်-တနင်္သာရီတွင် ရေကြောင်းမှ တပ်အင်အားဖြည့်တင်း အမျိုးသမီးများလည်းပါဝင်

601
Photo: SAC

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ဘိတ်-တနင်္သာရီ မြို့နယ်တို့တွင် နယ်မြေပြန်လည် စိုးမိုးနိုင်ရေးအတွက် စစ်ကောင်စီက ရေကြောင်းမှတစ်ဆင့် ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ တပ်အင်အားဖြည့်တင်းမှု ဆက်တိုက်လုပ်ဆောင် နေပြီး အမျိုးသမီးတပ်သားများလည်း ပါဝင်သည်ဟု ကေအဲန်ယူ တနင်္သာရီမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄ နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းများသို့ အင်အားဖြည့်တင်းရန်နှင့် နယ်မြေပြန်လည် စိုးမိုးနိုင်ရန် ရည်ရွယ်ကာ စစ်သင်္ဘောများဖြင့် ဆက်တိုက် အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု ပဒိုစောထီးဝါးက ယခုလိုပြောသည်။

“ ရန်ကုန်ကနေပြီးတော့မှ ရေကြောင်းနဲ့ စစ်တပ်အင်အားတွေ ဒီမြိတ်အမှတ်(၆) တံတားဘက်ကနေ အင်အား ဆက်တိုက် ဖြည့်တင်းနေတယ်။ ကေအဲန်ယူ နယ်မြေထဲမှာရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေကို အင်အားပြန် ဖြည့်ဖို့အတွက် လုပ်နေတာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီက ရေကြောင်းအသုံးပြု တပ်အင်အားဖြည့်တင်းရာတွင် စစ်သည် ၁,၀၀၀ ဝန်းကျင်ထိရှိနေပြီး ၎င်းတို့ထဲတွင် အမျိုးသမီး စစ်သည် ၃၀၀ ကျော် ပါဝင်နေသည်ဟု ပဒိုစောထီးဝါးက ဖြည့်စွက် ပြောသည်။

၎င်းအပြင် ဘိတ် (မြိတ်) မြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ပြုကြေညာပြီး နောက်ပိုင်း လူသစ်စုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ က အဆိုပါ ဥပဒေအရ တပ်သားသစ်သင်တန်းများခေါ်ယူမှုကို လက်ရှိ အပတ်စဉ် ၇ အထိ ရောက်ရှိနေပြီး အပတ်စဉ် ၈ အတွက် ထပ်မံလူသစ်စုဆောင်နေပြီးဖြစ်သည်ဟု ပြည်တွင်းသတင်းများအရ သိရသည်။

တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် တနင်္သာရီမြို့နယ် တွင် ကျေးရွာချင်းဆက်လမ်းများ၊ တံတားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးဖြတ်တောက်မှုများ ပြုလုပ်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ပြောသည်။