Home သတင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန် အချိန်တန်ပြီးဖြစ်ကြောင်း DKBA ဒုစစ်ဦးစီးချုပ်ပြော

စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန် အချိန်တန်ပြီးဖြစ်ကြောင်း DKBA ဒုစစ်ဦးစီးချုပ်ပြော

797

ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင့်လက်နက်ကိုင်အဖွဲ့အစည်းအကြား စည်းလုံးညီညွတ်မှုကို ပြန်တည်ဆောက်ရန် အချိန်တန်ပြီး ဖြစ်ကြောင်း ယခုလဆန်းပိုင်းက ရာထူးအပြောင်းအလဲဖြစ်လာသည့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပြုလုပ်သည့် နှစ်(၃၀) ပြည့် DKBA နှစ်ပတ်လည်နေ့တွင် ပြောဆိုသွားသည်။

အဖွဲ့အစည်းများကွဲပြားနေသော်လည်း ကရင်အမျိုးသားအလံတော်အောက် တစ်ခုတည်းတွင် အတူတကွ လုပ်ဆောင်ရန် ရည်မှန်းချက် အားလုံးကိုယ်စီ ရှိကြပြီးသားဖြစ်၍ ကြိုးစားပြီး စည်းလုံးညီညွတ်မှုကို တည် ဆောက်သွားကြရန် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ယခုလို ပြောဆိုသွားခြင်းဖြစ်သည်။

“စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ အချိန်တန်ပြီးဖြစ်တယ်။ ကျနော်တို့ ကရင်အချင်းချင်း တတ်နိုင်သလောက် စည်းလုံးညီညွတ်မှုကို ကြိုးစားတည်ဆောက်ရမယ်။ တစ်ဖွဲ့စီ ရှိနေကြပေမဲ့ ကိုယ့်အမျိုးသားအလံတော် အောက်တစ်ခုမှာပဲ လုပ်သွားကြဖို့ အားလုံးမှာ ရည်မှန်းချက် ရှိထားပြီးသားဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ပြော ဆိုသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းအနေဖြင့် ယခုလို အများပြည်သူရှေ့တွင် ပြောဆိုသည့်အတိုင်း ကိုယ့်ကရင်လူမျိုးအတွက်ကိုသာ လုပ်ဆောင်သွားရန် ကတိပြုကြောင်း၊ ၎င်းတို့အနေဖြင့် ပွင့်လင်းမြင်သာစွာမလုပ်ပြနိုင်သည့်တိုင် စည်းလုံးညီညွတ် ရေးနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အခမ်းအနားတွင် ဆက်လက် ပြောကြားခဲ့သည်။

ဒုစစ်ဦးစီးချုပ် စောရွှေဝသည် ယခုဒီဇင်ဘာလ ၃ ရက်နေ့က DKBA ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်း အဝေး၏ ဆုံးဖြတ်ချက်အရ ကလို့ထူး‌ဘော ဗဟိုစစ်ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် ရာထူးမှ ဒုဗိုလ်ချုပ်ကြီး အဆင့်တိုးမြင့်ခံရပြီး ဒုစစ်ဦးစီးချုပ် ဖြစ်လာသူလည်း ဖြစ်သည်။

၎င်းအနေဖြင့် မိခင်ကရင်အမျိုးသားအစည်းအရုံး-KNU နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး ရှိသူဖြစ်ပြီး ကရင် လက်နက်ကိုင်အကြား ပြန်လည်ပေါင်းစည်းညီညွတ်လိုသည့် သဘောထားရှိသူအနေဖြင့်လည်း သတ်မှတ်ခံထားရသူဖြစ်သည်။

သို့သော် DKBA အဖွဲ့တွင် စစ်တပ်နှင့် ဆက်ဆံရေးတည်ဆောက်လိုသည့်အဖွဲ့နှင့် တော်လှန်ရေးဘက်တွင် ပူးပေါင်း လိုသည့် အဖွဲ့ဟူ၍ သဘောထားကွဲလွဲမှုများရှိနေပြီး ယနေ့ အချိန်အထိ တရားဝင် ပူးပေါင်း ဆက်ဆံ ကြ သည့်ပုံစံများ မရှိသေးကြောင်း တွေ့ရသည်။

ယမန်နေ့က DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်အထူးဒေသတွင် ပြုလုပ်ခဲ့သည့် DKBA နေ့ကို နယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ နှင့် ကေအဲန်ယူဘက်မှ နယ်မြေခံ တာဝန်ရှိသူအချို့အပါအဝင် လူပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ကြပြီး စစ်ရေးပြအခမ်းအနားများအပြင် စစ်ဦးစီးချုပ်၏ အမှာစကားပြောကြားခြင်းများဖြင့် အခမ်းအနားကို ပြုလုပ်ပြီးစီးခဲ့သည်။

အလားတူ ဖားအံမြို့နယ်ရှိ ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဩဇာခံ ဗိုလ်ဘိ ဦးစီးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA အနေဖြင့်လည်း နှစ် (၃၀) ပြည့် DKBA နေ့ကို ကြာအင်း ပေါ်တော်မူ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။