ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ၊ ပွိုင့် ၉၁၃ နို့ဒေးစခန်းသိမ်းတိုက်ပွဲမှ လွတ်မြောက်နေသော စစ်ကောင်စီ တပ်သားများအား လိုက်လံရှင်းလင်းမှုတွင် ဗိုလ်မှူးအဆင့်တစ်ဦးအပါအဝင် ၂၂ ဦးသေဆုံးခဲ့သည်ဟု KNLA က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် မာနယ်ပလောဒေသ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် ထွက်ပြေးလွတ်မြောက်နေခြင်းဖြစ်သည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်နေသူများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လိုက်လံရှင်းလင်းမှု လုပ်ဆောင်ရာတွင် ယမန်နေ့နှင့် ယနေ့ နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဗိုလ်မှူးအဆင့် တစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဆေးဗိုလ်ကြီးတစ်ဦး နှင့် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၂၂ ဦးသေဆုံးပြီး လက်နက် ၂၃ လက်သိမ်းဆည်းရမိသည်ဟု KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တပ်မှူးက “အတည်ပြုပါတယ်။ ဒီနေ့သေတဲ့ နှစ်ယောက်ထဲမှာ ဆေးဗိုလ်ကြီး အဆင့်တစ်ယောက်ပါသေးတယ်။ လွတ်မြောက်တဲ့အထဲမှာ လိုက်ရှင်းတာ ကုန်သလောက်ရှိပါပြီ။ ရှင်းလင်းမှုတွေတော့ လုပ်နေတုန်းပါပဲ။” ဟု အတည်ပြု ပြောသည်။
မာနယ်ပလောဒေသ၊ ပွိုင့် ၉၁၃ နို့ဒေး စစ်ကောင်စီစခန်းတွင် ခြေမြန်တပ်ရင်း -ခမရ ၃၃၈၊ အမြောက်တပ် ၃၁၁ တပ်ရင်းနှစ်ခုမှ တပ်ဖွဲ့ဝင်အင်အားစုစုပေါင်း ၆၀ ဦးခြေချတပ်စွဲထားသော စခန်းတစ်ခုဖြစ်သည်။ အဆိုပါ ပွိုင့်-၉၁၃ စခန်းသိမ်းတိုက်ပွဲမှ ရတမ-၃၃၈ တပ်ရင်း၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသီဟနှင့် တပ်ကြပ်ကြီးအဆင့် (၁)ဦး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို အသက်ရှင် လျက်ဖမ်းဆီးရမိခဲ့သည်ဟု KNU က ပြောဆိုထားသည်။



















